ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ အဲဗာတန်အသင်းတို့ဟာ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ ညာတောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို ခေါ်ယူနိုင်ဖို့အတွက် ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဘောလုံးအပြောင်းအရွှေ့ စပယ်ရှယ်လစ်ဖြစ်သူ ဖာဘရီဇီယိုရိုမာနိုက စပါးအသင်းအနေနဲ့ ဝေးလ်စ် တောင်ပံကစားသမား ဒန်ဂျိမ်းစ်ကို တစ်ရာသီအငှား+အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူဖိို့အတွက် လိဒ်စ်အသင်းနဲ့ ချိတ်ဆက် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြလာခဲ့ပါတယ်။စပါးအသင်းက ဒီနှစ် နွေစျေးကွက်ထဲမှာ ကစားသမားသစ် ခေါ်ယူမှုများစွာ လုပ်ဆောင်ထားတာဖြစ်ပေမယ့် နည်းပြကွန်တီက အသင်းကနေ ကစားသမား​တေွ​  ထွက်ခွာဖြစ်မယ်ဆိုရင် သူတို့နေရာအတွက် ပြန်လည် ဖြည့်တင်းသွားဖို့ လိုအပ်တယ်လို့ ပြောဆိုထားတဲ့အတွက် ဗလင်စီယာအသင်းဆီ ပြောင်းရွှေ့တော့မယ့် ဘရိုင်ယန်ဂေးလ်နေရာမှာ ဒန်ဂျိမ်းစ်နဲ့ အစားထိုးချင်​နေတာ ဖြစ်ပါတယ်။

ဟားလ်စီးတီး လူငယ်အကယ်ဒမီထွက် တောင်ပံကစားသမားဒန်ဂျိမ်းစ်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ဆွမ်ဆီးကနေ မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ရင်းနဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝကို စတင်နိုင်ခဲ့ရပါတယ်။ ယူနိုက်တက်နဲ့ ဘောလုံးရာသီ (၂)ရာသီထိ ဖြတ်သန်းပြီးနောက် မနှစ်က နွေစျေးကွက်ထဲမှာပဲ လိဒ်စ်အသင်းဆီ ပြောင်းရွှေ့ဖြစ်သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း လိဒ်စ်အသင်းအတွက် ပါဝင်ကစားခွင့် ရရှိထားတဲ့ ဒန်ဂျိမ်းစ်ကို အခု နွေစျေးကွက် ပိတ်ခါနီးမှာပဲ စပါးနဲ့ အဲဗာတန်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ချိတ်ဆက်မှုတွေပါ လုပ်ဆောင်လာတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဒန်ဂျိမ်းစ်ကို စပါးအသင်းက ခေါ်ယူဖို့ ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်ဆောင်ထားသလို အဲဗာတန်ကလည်း ဆက်သွယ်နေတာကြောင့် ဒန်ဂျိမ်းစ်က သူ့အနာဂတ်ကို စဥ်းစားနေပြီး အပြောင်းအရွေ့ ဖြစ်ပေါ်လာဖို့က ကစားသမားအပေါ်မှာသာ မူတည်နေတယ်လို့လည်း သိရပါတယ်။