ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးကတော့ သူတို့အသင်းရဲ့ ဒီနွေရာသီ တတိယမြောက် ခေါ်ယူမှု အဖြစ် ဘရိုက်တန်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ဘစ်ဆူးမားကို ခေါ်ယူဖို့ တရားဝင် သဘောတူညီမှု ရရှိသွားခဲ့ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အီတလီလူမျိုး ထိပ်တန်းနည်းပြ အန်တိုနီယို ကွန်တီရဲ့ ဦးဆောင်မှုနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ စပါးက လာမယ့် ဘောလုံးရာသီမှာ ဥရောပရဲ့ အင်အားကြီးအသင်းတွေကို ယှဉ်ပြိုင်နိုင်ဖို့ ယခု နွေဈေးကွက် အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေကို ခပ်သွက်သွက် လုပ်ဆောင်နေပြီး ခရိုအေးရှား ဝါရင့် တောင်ပံတိုက်စစ် ကစားသမား ပါရီဆစ်နဲ့ အင်္ဂလန် ဝါရင့် ဂိုးသမား ဖော်စတာတို့ကို အလွတ် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားနိုင်ခဲ့ပါတယ်။

Photo Credit: The Times

ဒါ့အပြင် စပါးက မစ်ဒယ်ဘရော့ရဲ့ အင်္ဂလန် လူငယ် ညာနောက်ခံလူ ဒီဂျက် စပန့်စ်ကို ခေါ်ယူဖို့ မစ်ဒယ်ဘရော့နဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ယနေ့မှာတော့ စပါးက အသင်းကြီးတွေရဲ့ ပစ်မှတ် ကစားသမား ဖြစ်ခဲ့ဖူးတဲ့ ဘရိုက်တန် ကွင်းလယ်ခံစစ် ကစားသမား ဘစ်ဆူးမားကို ခေါ်ယူဖို့ အသင်းနဲ့ရော ကစားသမားနဲ့ပါ သဘောတူညီမှု ရရှိခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် မာလီလက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဘစ်ဆူးမားဟာ ကွင်းလယ်ခံစစ်နဲ့ ကွင်းလယ်ဗဟို နှစ်နေရာစလုံးမှာ ကစားနိုင်သူ ဖြစ်ပြီး စပါးရဲ့ မြို့ခံပြိုင်ဘက် အာဆင်နယ်က သူ့ကို ခေါ်ယူဖို့ ကာလရှည် စောင့်ကြည့်နေခဲ့ပေမယ့် စပါးကတော့ နည်းပြဖြစ်သူ ကွန်တီရဲ့ အဆင့်မီ ကွင်းလယ်ခံစစ် ကစားသမား တဦးကို လိုချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ ဘစ်ဆူးမားကို ခေါ်ယူဖို့ ခပ်မြန်မြန်ပဲ ကြိုးစားခဲ့တာပါ။

Photo Credit: The Times

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးက ဘစ်ဆူးမားကို ခေါ်ယူဖို့ ဘရိုက်တန်နဲ့ သဘောတူညီမှု ရသွားခဲ့ပြီး စပါးက ဘစ်ဆူးမား အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်း ပေးချေရဖို့ ရှိနေကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကလည်း စပါးက ဘစ်ဆူးမားကို ခေါ်ယူဖို့ ဘရိုက်တန်နဲ့ သဘောတူညီမှု ရခဲ့ကြောင်း ထပ်ဆင့် အတည်ပြုပေးခဲ့သလို စပါးက ဘစ်ဆူးမားကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့လည်း သဘောတူညီမှု ရရှိထားကြောင်း ဖော်ပြထားပါတယ်။