စပါးအသင်းက ဒီနွေမှာ ကစားသမားသစ် ဖြည့်တင်းမှုတွေ အသေအချာ လုပ်ဆောင်လျက် ရှိနေရာ အခုလည်း လူငယ် တိုက်စစ် ကစားသမားလေးဖြစ်သူ အလီဟို ဗယ်လစ်ဇ်ကို ထပ်မံ ခေါ်ယူလိုက်နိုင်ပြီ ဖြစ်တယ်လို့ ရိုမာနိုက အတည်ပြုထားခဲ့ပါတယ်။
၂၀၀၃ခုနှစ်ဖွား အာဂျင်တီးနား လူငယ် တိုက်စစ်မှူးလေး ဗယ်လစ်ဇ်အတွက် စပါးအသင်းက ယူရို (၁၅)သန်းတန် package အသုံးပြုကာ ကမ်းလှမ်းခဲ့ရတာဖြစ်ပြီး ဒီကမ်းလှမ်းချက်ကို ဗယ်လစ်ဇ်ရဲ့ ကလပ် ရိုဆာရီယိုအသင်းက လက်ခံသွားခဲ့ပါတယ်။
Photo Credit : Cartilage Free Captain
အာဂျင်တီးနား ယူ-၂၀ ကစားသမားလေး ဗယ်လစ်ဇ်ဟာ talented striker လေး တစ်ဦးဖြစ်ပြီး ရိုဆာရီယိုအသင်းမှာလည်း ပုံမှန် ပွဲကစားခွင့်တွေ ရရှိနေသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ရိုဆာရီယိုအတွက် (၂၃)ပွဲကစား (၁၁)ဂိုးသွင်း (၁)ဂိုး ဖန်တီးထားနိုင်တဲ့ (၁၉)နှစ်သားလေး ဗယ်လစ်ဇ်ဟာ အခုတော့ ပရီးမီးယားလိဂ်လို ပြိုင်ပွဲကြီးမှာ ပါဝင်ဆင်နွဲရတော့မှာပဲ ဖြစ်ပါတယ်။
စပါးအသင်းက ဗယ်လစ်ဇ်ကို ကာလရှည် စာချုပ်တစ်ရပ် ချုပ်ဆိုသွားမှာဖြစ်ပြီး ဟယ်ရီကိန်းရဲ့ back-up striker အဖြစ်နဲ့လည်း အသုံးပြုသွားဖွယ် ရှိနေပါတယ်။ ရိုမာနိုရဲ့ ဖော်ပြချက်မှာတော့ စပါးအသင်းက လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ဗယ်လစ်ဇ်ကို ဆေးစစ်မှုတွေ လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။
Photo Credit : TEAMtalk
စပါးအသင်းအနေနဲ့ နွေဈေးကွက်ထဲမှာ ကွင်းလယ်လူ ဂျိမ်း မက်ဒီဆင် ၊ ဂိုးသမား ဗစ်ကာရီယို ၊ တောင်ပံ ကစားသမား ဆော်လမွန် နဲ့ အခု တိုက်စစ်မှူးလေး ဗယ်လစ်ဇ်တို့ကို အားဖြည့်ထားပေမယ့် ခံစစ်ပိုင်း အားဖြည့်ဖို့လည်း လိုအပ်နေသေးပြီး ဝုလ်ဖ်ဘတ် နောက်ခံလူ ဗန်ဒီဗန်ကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။
စပါးက ဒီနယ်သာလန် နောက်ခံလူကို ခေါ်ယူဖို့ ကစားသမားနဲ့ သဘောတူညီမှု ရရှိထားပေမယ့်လည်း ဝုလ်ဖ်ဘတ်အသင်းနဲ့ကတော့ သဘောတူညီမှု မရနိုင်သေးပဲ ပြောင်းရွှေ့ကြေး ယူရို သန်း(၄၀) + အပိုဆုကြေး ယူရို (၅)သန်းနဲ့ ကမ်းလှမ်းမှုကို ဝုလ်ဖ်ဘတ်ဘက်က ပယ်ချထားပြီး ယူရို သန်း(၅၀) package မျိုးနဲ့သာ ကမ်းလှမ်းစေချင်နေပါတယ်။