ပေါ်တူဂီ နာမည်ကြီးကလပ် စပို့တင်း လစ္စဘွန်းရဲ့ ဥက္ကဌ ဖြစ်သူ ဗာရန်းဒက်စ်ကတော့ သူတို့အသင်းဟာ ယခုရက်ပိုင်း အတွင်းမှာ သတင်းတွေ ထွက်ပေါ်နေသလို အသင်းရဲ့ ကြယ်ပွင့် ကစားသမားဟောင်း ခရစ္စတီယာနို ရိုနယ်ဒိုကို ပြန်လည် ခေါ်ယူဖို့ စိတ်ကူးမရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတိအလင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီနဲ့ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ နည်းပြဖြစ်သူ တန်ဟက်ဂ်ကို လူသိရှင်ကြား ပြန်လည် ဝေဖန်ခဲ့သူ ဖြစ်ကာ အဆိုပါ ဝေဖန်မှုကြောင့် ရိုနယ်ဒိုဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ မန်ချက်စတာ ယူနိုက်တက်ကနေ သေချာပေါက် ထွက်ခွာရတော့မှာပါ။

Photo Credit: Record

ရိုနယ်ဒိုက ကမ္ဘာ့ဖလားပြိုင်ပွဲဆီ သွားရတော့မယ့် အချိန်မှာပဲ သူ့ရဲ့ အင်တာဗျူးကို ဖြန့်ဝေခဲ့တာကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ရိုနယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးရင် ပြောင်းရွှေ့ဖို့ အသင်းသစ် ရှာတွေ့ထားတာကြောင့်ပဲ အခုလိုမျိုး ထုတ်ပြောလာတာ ဖြစ်မယ်လို့ ယူဆထားကြပြီး ရိုနယ်ဒိုရဲ့ အသင်းသစ်ဟာ အသင်းဟောင်း စပို့တင်း လစ္စဘွန်း ဖြစ်လိမ့်မယ် ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် စပို့တင်း လစ္စဘွန်းရဲ့ ဥက္ကဌ ဖြစ်သူ ဗာရန်းဒက်စ်ကတော့ သူတို့အသင်းဟာ ရိုနယ်ဒိုကို ခေါ်ယူတော့မယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပြီး သူတို့အသင်းဟာ ဘယ်တုန်းကမှ ရိုနယ်ဒိုကို ပြန်ခေါ်ဖို့ မစဉ်းစားဖူးကြောင်း ဆိုလာပါတယ်။

Photo Credit: Record

ဗာရန်းဒက်စ်က – “ရိုနယ်ဒိုက စပို့တင်းရဲ့ အကယ်ဒမီမှာ ရှိတဲ့ ကလေးတိုင်း အတွက် စံပြပုဂ္ဂိုလ်ပါ။ ပြီးတော့ ပေါ်တူဂီရဲ့ ထာဝရ အကောင်းဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့အတွက် စပို့တင်း လစ္စဘွန်းရဲ့ ကွင်းထဲကို ရောက်လာဖို့ နည်းလမ်း အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်က အခုချိန်မှာ ကောလာဟလတွေ တိတ်သွားအောင် လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော်တို့အသင်းရဲ့ နည်းပြ အမိုရင်က ရိုနယ်ဒိုကို မခေါ်ယူပေးဖို့ ဗီတိုအာဏာ သုံးတယ် ဆိုတဲ့ သတင်းက လုံးဝ အမှားကြီးပါ။ ပြီးတော့ ကျွန်တော်တို့က ရိုနယ်ဒိုကို ပြန်ခေါ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးပါဘူး။ ရိုနယ်ဒိုကို ပြန်ခေါ်မယ့် ကိစ္စဟာ ကျွန်တော် ၊ ဟူဂို ဗီယာနာနဲ့ အမိုရင်တို့ အတွက် ဆွေးနွေးစရာ ကိစ္စတခုတောင် မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့က ရိုနယ်ဒိုကို ပြန်ခေါ်ဖို့ စိတ်မဝင်စားပါဘူး။ ဒါက သတင်းစာတွေမှာပဲ ရှိတဲ့ ကိစ္စမျိုးပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။