စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက သူတို့အသင်း ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အသင်းရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ ထရင်ကာအိုကို ဝယ်ဈေးထက် ယူရို ၂၁သန်း အထိ အရှုံးခံပြီး ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းထံ ရောင်းချဖို့ သဘောတူလိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်ကစားသမား ထရင်ကာအိုက ၂၀၂၀ခုနှစ်မှာ ပေါ်တူဂီ နာမည်ကြီးကလပ် ဘရာဂါကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၃၁သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဘာစီလိုနာနဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားကာ အသင်းအတွက် ၂နှစ်တာ ကာလ အတွင်းမှာ ၄၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Marca

ထရင်ကာအိုဟာ ဘရာဂါမှာ ကစားခဲ့စဉ်က ပြိုင်ပွဲစုံ ၄၈ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး ၈ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၂ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဘာစီလိုနာမှာတော့ ပုံမှန် ပွဲထွက်ခွင့် မရမှုနဲ့အတူ ထိုက်သင့်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ခြင်း မရှိတာကြောင့် ဘာစီလိုနာက သူ့ကို ပြန်လည် ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပေါ်တူဂီ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ စပို့တင်း လစ္စဘွန်းက ထရာကာအိုကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဘာစီလိုနာကလည်း ထရင်ကာအိုအတွက် စပို့တင်း လစ္စဘွန်းရဲ့ ကမ်းလှမ်းချက်ကို သဘောတာကြောင့် ထရင်ကာအိုကို စပို့တင်းဆီ ရောင်းချဖို့ သဘောတူခဲ့ကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မက်တီ မော်ရက်တိုက ဆိုပါတယ်။

Photo Credit: Marca

မက်တီ မော်ရက်တိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ထရင်ကာအိုကို စပို့တင်း လစ္စဘွန်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၀သန်းနဲ့ ရောင်းချဖို့ သဘောတူလိုက်ပြီး ထရင်ကာအိုကို ယူရို ၂၁သန်း အထိ အရှုံးခံကာ ရောင်းချခဲ့တာ မှန်ပေမယ့် စပို့တင်း လစ္စဘွန်းက ထရင်ကာအိုကို တခြားအသင်းဆီ ပြန်လည် ရောင်းချခဲ့ရင် အဆိုပါ ရောင်းချရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဘာစီလိုနာဘက်က ပြန်လည် ရရှိမယ့် အချက်အလက်အား သဘောတူညီမှုထဲမှာ ထည့်သွင်းထားကြောင်းလည်း သိရပါတယ်။