တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ အမာခံ ပရိသတ်တစ်ဦးအဖြစ် လူသိများလှတဲ့ စပိုက်ဒါမန်း မင်းသားချော တွမ်ဟော်လန်က စပါးရဲ့ အဓိက ကစားသမားတွေဖြစ်သော ဟာရီကိန်း နဲ့ ဆွန်ဟောင်မင်တို့ နှစ်ဦးလုံးကို ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ကစားစေချင်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : The Sun
နာမည်ကျော် ဗြိတိန်သရုပ်ဆောင် မင်းသား တွမ်ဟော်လန်က Spiderman ရုပ်ရှင်ဇာတ်ကားတွေနဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေရဲ့ အသည်းကျော်ကြီး တစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ် စပါးအသင်းကိုလည်း အသေအချာ အားပေးသူလည်း ဖြစ်ပါတယ်။ အသက် (၂၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တွမ်ဟော်လန်က စပါးကို အားပေးသူ ဖြစ်ပေမယ့်လည်း စပါး တိုက်စစ်ကစားသမား ဟာရီကိန်းကို အခွင့်အရေးရရင် ဘာပြောချင်လဲလို့ မေးလာရာ တွမ်က “မက်ဒရစ်ကို သွားပါ။ မင်း ဖြစ်သင့် ဖြစ်ထိုက်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်အောင် သွားလိုက်ပါ။” ဖြေဆိုသွားခဲ့ပါတယ်။
Photo Credit : The Sun
ဆက်လက်ပြီး မေးခွန်းမေးသူက တွမ်ရဲ့ အနှစ်သက်ဆုံး ကစားသမားကို ဆက်မေးရာ တွမ်က “ဆွန်ပါ။ သူ့ကိုလည်း ကိန်းနဲ့အတူ မက်ဒရစ်ဆီ လိုက်ပါသွားဖို့ ပြောချင်ပါတယ်။ အဲ့ဒီကို သွားပြီးတော့ ချန်ပီယံလိဂ်ဖလားကြီးကို အတူတကွ ရယူလိုက်ပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။ လတ်တလော အခြေအနေတွေအရတော့ ဆွန်ဟောင်မင်ကို ဆော်ဒီကလပ်အသင်းတွေက ခေါ်ယူချင်နေပေမယ့် ဆွန်ကတော့ ဆော်ဒီကို ပြောင်းရွှေ့ဖို့ လုံးဝ စိတ်မဝင်စားသလို စပါးအသင်းမှာပဲ ဆက်လက် ရှိနေမယ်လို့ တုံ့ပြန်ထားခဲ့ပါတယ်။
Photo Credit : The Sun
ဒါပေမယ့် ဆွန်ရဲ့ အသင်းဖော် အင်္ဂလန် အသင်းခေါင်းဆောင် ဟာရီကိန်းကတော့ အနာဂတ် မရေမရာ ဖြစ်နေရသေးပြီး စပါးကနေလည်း ထွက်ခွာသွားဖွယ် ရှိနေပါတယ်။ ကိန်းကိုတော့ မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီးအသင်းတို့က ခေါ်ယူသွားချင်နေပြီး ရီးယဲလ်ကလည်း ဆော်ဒီကို ရောက်သွားတဲ့ ဘန်ဇီမာနေရာမှာ ကိန်းနဲ့ အစားထိုးသွားချင်နေပေမယ့် ကိန်းရဲ့ တန်ကြေး မြင့်မားလွန်းနေတာကြောင့် ခေါ်ယူဖို့ လက်လျှော့ထားခဲ့ရပါတယ်။