ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မစ်ဒယ်ဘရော့နဲ့အတူ တောက်ပခဲ့တဲ့ လူငယ် ညာနောက်ခံလူ ဒီဂျက်ကို စပန့်စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၁နှစ် အရွယ် အင်္ဂလန် ယူ-၂၁ လက်ရွေးစင် လူငယ် ညာနောက်ခံလူ ဒီဂျက် စပန့်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မစ်ဒယ်ဘရော့ကနေ နော်တင်ဟမ် ဖောရက်စ်ဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရာ နော်တင်ဟမ် ဖော်ရက်စ်ရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် သတ်မှတ်ခံရတဲ့ အထိ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သူ ဖြစ်သလို နော်တင်ဟမ် ဖောရက်စ်ရဲ့ ပရီးမီးယားလိဂ်ဆီ ပြန်တက်လာနိုင်တဲ့ ခရီးကြမ်းမှာ အဓိကကျခဲ့တဲ့ ကစားသမား အနည်းစုထဲမှာလည်း ပါဝင်ပါသေးတယ်။

Photo Credit: The Sun

ဖူလ်ဟမ် အကယ်ဒမီထွက် လူငယ် ညာနောက်ခံလူ စပန့်စ်က ညာနောက်ခံလူ တဦး အဖြစ် ကစားပေမယ့် သူ့ရဲ့ တိုးအား ၊ ရုန်းအားနဲ့ အတိုးအလှုပ်တွေကြောင့် ပြိုင်ဘက်တွေရဲ့ ခံစစ်ပိုင်းကို အတော်လေး ဒုက္ခပေးနိုင်သူ တဦး ဖြစ်သလို တဖက်အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားတွေကိုလည်း လှုပ်မရအောင် ထိန်းချုပ်နိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် လူငယ် ကစားသမားပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ၃-၅-၂ ကစားကွက်ကို တွင်တွင်ကျယ်ကျယ် သုံးစွဲတတ်တဲ့ စပါးနည်းပြ ကွန်တီက စပန့်စ်ရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေတာ ဖြစ်ပြီး စပန့်စ်ကို မရရအောင် ခေါ်ယူပေးဖို့လည်း အသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုထားပါတယ်။

Photo Credit: The Sun

လက်ရှိအချိန်မှာတော့ စပါးရဲ့ တာဝန်ရှိသူတွေက စပန့်စ်ရဲ့ အပြောင်းအရွှေ့ အတွက် မစ်ဒယ်ဘရော့နဲ့ တိုက်ရိုက် ချိတ်ဆက်ကာ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး စပါးရဲ့ ကမ်းလှမ်းမှု ဖြစ်တဲ့ ပေါင် ၂၀သန်း တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှုကို မစ်ဒယ်ဘရော့ဘက်က လက်ခံဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီဂျက် စပန့်စ်ကို ခေါ်ယူဖို့ အတွက် နော်တင်ဟမ် ဖောရက်စ်နဲ့ စပါးတို့ နှစ်သင်းက အပြိုင်အဆိုင် ကြိုးပမ်းနေရာ စပါးက စပန့်စ်အတွက် ပြောင်းရွှေ့ကြေးကို နော်တင်ဟမ် ဖောရက်စ်ထက် ပိုပေးနေသလို စပန့်စ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ စပါးဆီသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကြောင်း သိရပါတယ်။