လက်ရှိမှာ ကလပ်အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက သူ့အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ကို ပြန်လည် ကိုင်တွယ်သွားဖို့ ဆန္ဒရှိနေတယ်လို့ Manchester Evening News ရဲ့ သတင်းထောက်ဖြစ်သူက ဖော်ပြလာခဲ့ပါတယ်။

အသက် (၆၁)နှစ်အရွယ် ပေါ်တူဂီလူမျိုး နာမည်ကြီး ဘောလုံးနည်းပြကြီး မော်ရင်ဟိုဟာ ၂၀၁၆ခုနှစ်ကမှ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့ရင်း သူရဲ့ ယူနိုက်တက် နည်းပြဘဝ ပထမဆုံးရာသီမှာပဲ အသင်းကို ယူရိုပါလိဂ်ဖလား ၊ လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒုတိယရာသီမှာလည်း မော်ရင်ဟိုက ယူနိုက်တက်ကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာနဲ့ ရာသီသိမ်းနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် တတိယရာသီကျိန်စာကြောင့် တတိယရာသီထဲ အသင်းက ရလဒ်တွေ ဆိုးရွားလာခဲ့တာကြောင့် ရာသီဝက်မတိုင်ခင်မှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

ယူနိုက်တက်ကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း စပါး ရိုးမားတို့ကို ဆက်လက် ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုက စပါးရော ရိုးမားပါ မော်ရင်ဟိုကို ထုတ်ပယ်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ရင်း အခုဆို မော်ရင်ဟိုက အသင်းလက်မဲ့ ဖြစ်နေရပြီး ပရီးမီးယားလိဂ်ဆီ ပြန်လာဖို့လည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။

Photo Credit : Goal

လက်ရှိမှာလည်း မော်ရင်ဟိုရဲ့အသင်းဟောင်း ယူနိုက်တက်က နည်းပြတန်ဟက်ဂ် လက်ထက်မှာ ရလဒ်ပိုင်းရော ကစားအားပါ အတော်လေးကို စိတ်ပျက်စရာတွေ ဖြစ်နေခဲ့ရတာကြောင့် ဒီရာသီအကုန်မှာပဲ နည်းပြအပြောင်းအလဲ လုပ်ဆောင်ဖို့ ရှိနေတဲ့အပေါ် မော်ရင်ဟိုက ယူနိုက်တက်ဆီ နောက်တစ်ကြိမ် ပြန်သွားဖို့ ဆန္ဒရှိလာခဲ့ပါတယ်။

တကယ်တော့ ယူနိုက်တက်အနေနဲ့ တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ပြီး အသင်းတစ်သင်းသင်းမှာ တာဝန်ယူနေတဲ့ နည်းပြတစ်ဦးကို ခန့်အပ်မယ်ဆိုရင် လျော်ကြေးတွေက အများအပြား ပေးရမယ်ဖြစ်ပြီး မော်ရင်ဟိုကို ပြန်လည် ခန့်အပ်မယ်ဆိုရင်တော့ တန်ဟက်ဂ်အတွက်ကိုသာ လျော်ကြေးပေးရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဘက်ကတော့ မော်ရင်ဟိုကို ပြန်ခန့်အပ်ဖို့ စိတ်ဝင်စားခြင်း မရှိဘူးလို့လည်း သိရပါတယ်။