ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ စပိန် လာလီဂါ ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းကနေ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ် ကွင်းလယ်လူ ကက်စီမဲရိုးက ထိပ်တန်း လိဂ်ပြိုင်ပွဲကြီး နှစ်ခုရဲ့ ကွာခြားချက် အကြောင်းတွေကို ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Times

အသက် (၃၁)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ထိပ်တန်း ကစားသမားကြီး ကွင်းလယ်လူ ကက်စီမဲရိုးဟာ ရီးယဲလ်အသင်းနဲ့အတူ လာလီဂါမှာ ဆယ်စုနှစ် တစ်ခုလောက်အထိ ကျင်လည်ခဲ့ပြီး လာလီဂါဖလား (၃)ကြိမ် ကိုပါဒယ်ရေးဖလား (၁)ကြိမ် စပိန်စူပါဖလား (၃)ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလားကို (၅)ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လာလီဂါ ပွဲပေါင်း (၂၂၂)ပွဲအထိ ပါဝင် ကစားဖြစ်ခဲ့တဲ့ ကက်စီမဲရိုးက ပြီးခဲ့တဲ့ ရာသီမှာ ရီးယဲလ်ကနေ ယူနိုက်တက်ကို ရောက်လာခဲ့ပြီး ယူနိုက်တက်ရဲ့ အရေးပါဆုံးသော ကစားသမားတစ်ဦး ဖြစ်လာခဲ့သလို ကာရာဘောင်း လိဂ်ဖလားကို ဆွတ်ခူးခဲ့ကာ ရာသီကုန်မှာလည်း အဆင့် (၃)နေရာကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

လာလီဂါ နဲ့ ပရီးမီးယားလိဂ် လိဂ်နှစ်ခုရဲ့ ကွာခြားချက်နဲ့ ပတ်သက်ပြီး ကက်စီမဲရိုးက “ခြားနားချက်ကတော့ ကျွန်တော် ထင်ထားခဲ့အတိုင်း ဖြစ်ခဲ့ပါတယ်။ အဓိက ထောက်ပြရမယ့် အကြောင်းအရာကတော့ ဒီ(ပရီးမီးယားလိဂ်)က ပွဲတွေမှာ လွယ်ကူနေတယ် ဆိုတာမျိုး မရှိတာပါပဲ။ ထိပ်ဆုံးအသင်းက အောက်ဆုံးအသင်းနဲ့ ကစားနေရချိန်မှာတောင် နိုင်ပွဲရဖို့ဆိုတာမျိုးက မသေချာနေပါဘူး။ ခင်ဗျားက ခင်ဗျားမှာ ရှိနေတဲ့ အင်အားရဲ့ (၉၀)%လောက်ကိုပဲ အသုံးပြုပြီး ကစားမယ်ဆိုရင် ခင်ဗျား ရှုံးသွားမယ်။ ကျွန်တော်ကတော့ ပရီးမီးယားလိဂ်ကို နှစ်သက်တယ်။ ဒီမှာက ပွဲတိုင်းလိုလို ပရိသတ်အားပေးမှု အရမ်းကောင်းတယ်။ အရာရာက ခမ်းနားတယ်။

Photo Credit : Manchester Evening News

ကျွန်တော် ပြောခဲ့ဖူးသလိုပဲ မန်ချက်စတာမြို့က နေရထိုင်ရ ခက်ခဲတဲ့ နေရာဆိုပေမယ့် ကျွန်တော်ကတော့ သဘောကျပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ဒါ့အပြင် အသင်းခေါင်းဆောင် တာဝန်နဲ့ ပတ်သက်ပြီးတော့လည်း ကက်စီမဲရိုးက “အသင်းခေါင်းဆောင် လက်ပတ်က သင်္ကေတ တစ်ခုမျှသာ ဖြစ်သော်လည်း ကစားသမားတွေအနေနဲ့ ဒိုင်လူကြီးတွေ စကားပြောဖို့ အသင်းဖော် အချင်းချင်း စကားပြောဆိုနေဖို့ တာဝန်ရှိကြပါတယ်။ ကျွန်တော်ကတော့ တခြား ကစားသမားတွေရဲ့ စံပြ ကစားသမား ဖြစ်နေရတာကို ပိုသဘောကျပါတယ်။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။