ဘာစီလိုနာအသင်းရဲ့တိုက်စစ်ကစားသမားဟောင်းကြီးဖြစ်သူ ဆင်မြူရယ်အီတူးကတော့ ၂၀၁၉ခုနှစ် စက်တင်ဘာလမှာပဲ သူရဲ့ဘောလုံးသမားဝကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပေမယ့် အခုလက်ရှိမှာတော့ ကစားသမားဘဝထဲကို တကျော့ပြန်ဝင်ရောက်လာဖို့ အစီအစဉ်ရှိလို့နေပြီး သူ့ကိုလည်း စပိန်တတိယတန်း ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရေးဆင်းမူစီယာအသင်းကနေ ခေါ်ယူသွားဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်နေကာ လာမယ့်ဒီဇင်ဘာလ မတိုင်ခင်မှာ ခေါ်ယူနိုင်အောင် ကြိုးပမ်းလျက်ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Goal

ကင်မရွန်းလက်ရွေးစင်ဟောင်း တိုက်စစ်မှူးကြီး ဆင်မြူရယ်အီတူးဟာ လက်ရှိမှာ အသက်(၃၉)နှစ်အရွှယ် ရှိလို့နေပြီဖြစ်ပေမယ့် ရေးဆင်းအသင်းရဲ့ ဥက္ကဌဖြစ်သူက ဒီဝါရင့်တိုက်စစ်မှူးကြီး အီတူးအနေနဲ့ သူတို့ရဲ့အသင်းကို အကောင်းဆုံးနေရာတစ်ခုအထိ ရောက်ရှိနိုင်အောင် ပို့ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေတာကြောင့် အသင်းဆီကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း အီတူးနဲ့ ရေဆင်းအသင်းတို့ရဲ့ကြားမှာ အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးမှုတွေကို လုပ်ဆောင်လျက်ရှိနေတယ်လို့လည်း ရေးဆင်းဥက္ကဌက အတည်ပြုသွားခဲ့ပါတယ်။

Photo Credit : FC Barcelona

ကစားသမားဘဝမှာ အသင်းလိုက်ရော တစ်ဦးချင်းဆုတံဆိပ်တွေကိုပါ ပိုင်ဆိုင်ခဲ့ဖူးတဲ့ အီတူးဟာ ရီးရဲလ်မက်ဒရစ် မာယော့ကာ ဘာစီလိုနာ အင်တာမီလန် အန်ဇီ ချယ်လ်ဆီး အဲဗာတန် ဆမ်ဒိုရီးယား အန်တယ်လဲယာစပေါ ကွန်ယာစပေါနဲ့ ကာတာအက်စီအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး ဥရောပချန်ပီယံလိဂ်ဖလားကို (၃)ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ကာ လာလီဂါနဲ့စီးရီးအေ အမှတ်ပေးဖလားတွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အီတူးရဲ့ ကစားသမားဘဝက အင်တာမီလန်နဲ့ ဘာစီလိုနာအသင်းတို့နဲ့ ပါဝင်ကစားချိန်မှာ အလင်းလက်ဆုံး ဖြစ်ခဲ့ရပြီး ပရီးမီးယားလိဂ်ကို ရောက်ရှိလာချိန်မှာတော့ သူရဲ့အသက်အရွှယ်ရော ခြေစွမ်းပိုင်းပါ အကျဘက်ကို ရောက်နေတဲ့အတွက် ထင်သလောက်ခြေစွမ်းမပြနိုင်ခဲ့ပဲ ရုန်းကန်ခဲ့ရပါတယ်။ လက်ရှိမှာတော့ အီတူးကို ရေးဆင်းအသင်းဘက်ကနေ အတော်လေးကို အလိုရှိနေပြီး ရေးဆင်းဥက္ကဌကတော့ အီတူးကို အသင်းမှာ ကစားသမားအဖြစ်နဲ့ရော နည်းပြအဖွဲ့ဝင်အဖြစ်နဲ့ပါ ကမ်းလှမ်းသွားမှာဖြစ်ပြီး သူတို့ရဲ့ ဆွေးနွေးညှိနှိုင်းမှုအရ အသင်းကို ရောက်လာနိုင်ခြေ ၅၀-၅၀ အနေအထားလောက်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။