MySport Myanmar

Free agent ဖြစ်သွားခဲ့တဲ့ အစ္စကို ကို စပိန်နဲ့ အင်္ဂလန် ကလပ်အသင်းများ စိတ်ဝင်စား

ဆီဗီလာအသင်းနဲ့ နှစ်ဦးသဘောတူညီ စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက် အသင်းလက်မဲ့ ကစားသမား ဖြစ်သွားခဲ့ရတဲ့ စပိန် ကွင်းလယ်ကစားသမား အစ္စကို ကို စပိန်လာလီဂါ ကလပ်အသင်းတွေနဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ခေါ်ယူသွားဖို့အတွက် အပြိုင်အဆိုင် စိတ်ဝင်စားနေတယ်လို့ ဖာဘရီဇီယိုရိုမာနိုကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

လက်ရှိမှာ အသက်(၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ ကွင်းလယ်တိုက်စစ် ကစားသမား အစ္စကိုဟာ ဗလင်စီယာ လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ဗလင်စီယာ အရန်အသင်းမှာ ပါဝင်ရင်းနဲ့ ၂၀၁၁ခုနှစ် မာလာဂါအသင်းဆီ ရောက်ရှိခဲ့ပါတယ်။ မာလာဂါမှာ တောက်ပခဲ့တဲ့ အစ္စကိုဟာ ၂၀၁၃ခုနှစ်မှာတော့ ရီးယဲလ်မက်ဒရစ်အသင်းဆီ ရောက်ရှိလာခဲ့ပြီး ရီးယဲလ်မှာ (၉)နှစ်ခန့် ကျင်လည်ဖြစ်ခဲ့ပါတယ်။ ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား(၅)ကြိမ် လာလီဂါဖလား(၃)ကြိမ် ပိုင်ဆိုင်နိုင်ခဲ့တဲ့ အစ္စကိုဟာ ဒီနှစ်နွေမှာပဲ ဆီဗီလာအသင်းဆီ (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပေမယ့် စာချုပ်သက်တမ်းက လပိုင်းလောက် အကြာမှာပဲ ဆီဗီလာဘက်က အစ္စကိုနဲ့ စာချုပ်ဖျက်သိမ်းဖို့ ပြုလုပ်ချင်လာခဲ့ပါတယ်။

Photo Credit : Fichajes

အစ္စကိုဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဆီဗီလာအသင်းအတွက် ပြိုင်ပွဲစုံ(၁၉)ပွဲ ကစားထားနိုင်ခဲ့ရာ သွင်းဂိုး(၁)ဂိုး ဂိုးဖန်တီးမှု(၃)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပေမယ့် ဆီဗီလာဘက်က အစ္စကို ကို အသင်းနဲ့ ချက်ချင်း စာချုပ်ဖျက်သိမ်းလိုက်ဖို့ အံ့အားသင့်စဖွယ် ဆုံးဖြတ်လာခဲ့ပါတယ်။ တကယ်တော့ အစ္စကိုဆိုတာ ကလပ်အသင်းတိုင်း လိုချင်ကြတဲ့ quality player တစ်ယောက်ဖြစ်လို့ အခုလို အသင်းလက်မဲ့ ဖြစ်သွားချိန်မှာ သူ့ဆီကို ကမ်းလှမ်းမှုတွေ အမြောက်အများ ရောက်လာနိုင်ပါတယ်။ လက်ရှိ ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်မှာလည်း အစ္စကို အေးဂျင့်ဖြစ်သူ သူ့ကစားသမားအတွက် အသင်းသစ် ရှာဖွေနေရာ စပိန်နဲ့ အင်္ဂလန်ကလပ်အသင်းတွေရဲ့ ဆက်သွယ်မှုတွေ ရရှိထားတယ်လို့ သိရပါတယ်။ ကစားသမားဘဝ စတင်ချိန်ကတည်းက စပိန်မြေမှာပဲ ကျင်လည်ခဲ့ဖူးတဲ့ အစ္စကိုက သူရဲ့ ကစားသမားဘဝကို စပိန်မှာပဲ ဆက်လက် ဖြတ်သန်းသွားမလား ဒါမှမဟုတ် သူ့ကို အသည်းအသန် ခေါ်ယူချင်နေကြတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဆီပဲ ပြောင်းရွှေ့လာမလားဆိုတာ အလွန် စိတ်ဝင်စားဖို့ကောင်းပါတယ်။ free agent ကစားသမား ဖြစ်နေတာကြောင့် ဈေးကွက်ဖွင့်ဖွင့် မဖွင့်ဖွင့် ခေါ်ယူနိုင်မှာဖြစ်လို့ ဒီရက်ပိုင်းအတွင်းမှာပဲ အစ္စကိုရဲ့ အပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေရပါတယ်။

Exit mobile version