မကြာခင်မှာ စတင်ကျင်းပသွားတော့မယ့် ယူရို-၂၀၂၀ ပြိုင်ပွဲကြီးမတိုင်ခင်မှာ ယူရိုချန်ပီယံဟောင်း စပိန်လက်ရွေးစင်အသင်းကတော့ ကိုဗစ်ဂယက်ဒဏ်ကို အတော်လေး ခံစားနေရပြီး မကြာသေးခင်ကမှ အသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမားကြီး ဆာဂျီယိုဘူစကတ်စ်ဟာ ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးတဲ့နောက်မှာ အခုလည်း အသင်းရဲ့ ဗဟိုနောက်ခံကစားသမား ဒီယေဂိုလော်ရန်တေးကပါ ကိုဗစ်ပိုး ထပ်မံကူးစက်ခံနေရပြန်ပြီလို့ ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : The Atheltic

ကနဦးပိုင်းက ဘာစီလိုနာ ကွင်းလယ်ကစားသမား ဘူစကတ်စ်မှာ ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ်ကနေ ထုတ်ပြန်ခဲ့ပြီးနောက် (၂)ရက်အကြာမှာပဲ လိဒ်စ်ယူနိုက်တက်အသင်းမှာ ပါဝင်လို့နေတဲ့ နောက်ခံလူ ဒီယေဂိုလော်ရန်တေးဆီမှာလည်း ကိုဗစ်ပိုး ကူးစက်ခံနေရတယ်လို့ ထပ်မံထုတ်ပြန်လာခဲ့ရပါတယ်။ ယူရိုပြိုင်ပွဲ ကျင်းပဖို့က ရက်ပိုင်းလေးပဲ ကျန်ရှိနေတော့တဲ့အချိန်မှာ စပိန်အသင်းအနေနဲ့ အခုလို ကိုဗစ်ပြသာနာတွေနဲ့ ကြုံတွေ့နေရတာဟာ ကောင်းတဲ့လက္ခဏာမဟုတ်သလို ကစားသမားအပြောင်းအလဲတွေကိုလည်း ခပ်မြန်မြန် လုပ်ဆောင်ရဖို့လည်း ရှိနေရပါတယ်။

Photo Credit : Goal

အခုလို ကိုဗစ်ပြသာနာနဲ့ပတ်သက်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌဖြစ်သူ ပြောဆိုချက်အရ စပိန်လက်ရွေးစင်အသင်းမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရမှုက ထင်ထားတာထက်တောင် များပြားနိုင်တယ်လို့ သိရှိရတဲ့အတွက် ဆွီဒင်လက်ရွေးစင်အသင်းနဲ့ ယူရိုအုပ်စုအဖွင့်ပွဲ မယှဉ်ပြိုင်ရခင်မှာ ဒီကိစ္စတွေကို အကောင်းဆုံး ကိုင်တွယ်ရဖွယ် ရှိနေပါတယ်။ ဒါကြောင့် လက်ရှိမှာ စပိန်အသင်းဟာ ရိုဒရီဂိုမော်ရီနို ပါဘလိုဖော်နယ်စ် ကားလို့စ်ဆိုလာ ဘရာယီစ်မန်ဒက်ဇ်နဲ့ ရာအူးအယ်ဘီယိုတို့လို ယူရိုပြိုင်ပွဲရဲ့ လူစာရင်းအတွင်းမှာ မပါဝင်ခဲ့တဲ့ ကစားသမားတွေကို အသင်းနဲ့ ပူးပေါင်းစေခိုင်းနေရသလို မနေ့ညက လစ်သူယေးနီးယားအသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ရတဲ့ ပွဲစဉ်မှာလည်း ယူ-၂၁အသင်းက ကစားသမားအများစုကို ထည့်သွင်းယှဉ်ပြိုင်စေရပါတယ်။ စပိန်အသင်းဟာ ယူရိုပြိုင်ပွဲကြီးမတိုင်ခင်မှာ ခြေစမ်းပွဲ(၂)ပွဲကို ဆင်နွဲခဲ့ပြီး ယူရိုပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ပေါ်တူဂီအသင်းနဲဲ့ ခြေစမ်းခဲ့ရာ ဂိုးမရှိသရေကျခဲ့ပေမယ့် လူငယ်လေးတွေ အများအပြား ပါဝင်ခဲ့ရတဲ့ လစ်သူယေးနီးယားနဲ့ပွဲမှာ (၄)ဂိုး ဂိုးမရှိနဲ့ကို အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ စပိန်အသင်းဟာ ယူရိုပြိုင်ပွဲမှာတော့ ဆွီဒင် ပိုလန် ဆလိုဗက်ကီးယားအသင်းတွေနဲ့ တစ်အုပ်စုတည်းကို ကျရောက်လို့နေပါတယ်။