ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကတ်တလန်အခြေစိုက် အက်စပန်ညိုအသင်းမှာ နည်းပြဘဝကို စတင်ခဲ့တဲ့ မာရီစီယိုပိုချက်တီနိုက ပီအက်စ်ဂျီအသင်းနဲ့အတူ သူရဲ့နည်းပြဘဝ ပထမဆုံးသော ဆုဖလားကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အခုလည်း ကတ်တလန်အခြေစိုက် ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ် လက်ရှိအသင်းနည်းပြလည်းဖြစ်တဲ့ ရော်နယ်ကိုးမန်းက သူရဲ့ဘာစီလိုနာအသင်းအတွက် ပထမဆုံးသောဆုဖလား တစ်နည်းအားဖြင့် သူ့အပေါ် ဖိအားတွေလျော့ပြီး ယုံကြည်မှုတွေ တိုးလာစေနိုင်မယ့် ဆုဖလားတစ်လုံးကို အရယူနိုင်ဖို့ လက်တစ်ကမ်းအကွာကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

Photo Credit : Football Espana

ကစားသမားဘဝမှာပါ နည်းပြဘဝမှာ အောင်မြင်မှုတွေ အထိုက်အလျောက် ပိုင်ဆိုင်လို့ထားခဲ့တဲ့ ရော်နယ်ကိုးမန်းဟာ ဒီနှစ်ဘောလုံးရာသီအစမှာပဲ သူရဲ့အသင်းဟောင်း ဘာစီလိုနာကို နည်းပြအဖြစ်နဲ့ တာဝန်ယူကိုင်တွယ်ဖို့ အခွင့်အရေးကြုံလာခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ အသင်းပရိသတ်တွေအတွက် စိတ်ကျေနပ်စရာတွေ ပေးစွမ်းနိုင်တဲ့ နည်းပြတစ်ယောက်အဖြစ် မသတ်မှတ်ခံရသေးသလို လာလီဂါအမှတ်ပေးဇယားမှာဆိုရင်လည်း ထိပ်ဆုံးနေရာက အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ (၇)မှတ်ကွာ (၂)ပွဲပိုကန်ထားတဲ့ အနေအထားကို ရောက်ရှိလို့နေပါတယ်။

Photo Credit : SPORTCO

ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ ဘာစီလိုနာရဲ့ ရလဒ်တွေက တတ်ရိပ်ပြလာခဲ့ပါတယ်။ အမှတ်ပေးဇယားမှာ စံချိန်တင်ရလောက်တဲ့အထိ ဆိုးရွှားတဲ့ ရပ်တည်မှုတွေအထိ ဖြစ်ခဲ့ပေမယ့် အခုကတော့ အဆင့်(၃)နေရာထိ ပြန်လည်တတ်လှမ်းထားနိုင်ခဲ့သလို စပိန်စူပါဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲထိကို တတ်လှမ်းထားခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့်အသင်းက ဆီမီးမှာ ရီးရဲလ်ကို ဖြုတ်ချလာခဲ့တဲ့ ဘီလ်ဘာအိုအသင်းပါ။ သူတို့နှစ်သင်းက သိပ်မကြာသေးခင်ပဲ လာလီဂါမှာ ဆုံတွေ့ထားခဲ့ကာ ဘာစီလိုနာက အဝေးကွင်းမှာ (၂)ဂိုး(၃)ဂိုးနဲ့ အနိုင်ယူထားခဲ့ပါတယ်။ ဘာစီလိုနာအသင်းက ဒီရာသီမှာ ဆွာရက်ဇ်ကို အသင်းကနေ ထွက်ခွာခွင့်ပေးပြီးနောက်မှာ တိုက်စစ်ပိုင်းက အားနည်းလာခဲ့တယ်ဆိုပေမယ့် ဒီရာသီအတွင်းမှာ လာလီဂါအသင်းအားလုံးအနက် ဂိုးအများဆုံး သွင်းယူထားတာကလည်း ဘာစီလိုနာသာ ဖြစ်နေပါတယ်။ ဒါပေမယ့် အသင်းအတွက် သွင်းဂိုးတွေ ခပ်စိတ်စိတ်လေး ပြန်လည်သွင်းယူပေးနေတဲ့ မက်ဆီက ဒီပွဲမှာ ပါဝင်ကစားဖို့ မသေချာသေးတာကတော့ အသင်းအတွက် သတိထားစရာ ဖြစ်လာနိုင်ပါတယ်။ ဘီလ်ဘာအိုဆိုတာကလည်း ဘာစီလိုနာကို ဒုက္ခပေးနေကြ အသင်းမျိုးပါ။ ဆိုတော့ ဒီဖလားက လက်ကျန်ရာသီဝက်ကို တိုက်ပွဲဝင်ရမယ့် ဘာစီလိုနာအတွက် အားတတ်စရာ ဖြစ်လာနိုင်သလို ဖိအားတွေအောက်မှာရှိနေတဲ့ နည်းပြကိုးမန်းအတွက်လည်း ယုံကြည်မှုတွေ ပြန်ရစေနိုင်မယ့် ဖလားမျိုးဖြစ်လို့ ဘာစီလိုနာတို့ ဒီပွဲကို အနိုင်ကစားပါလိမ့်မယ်။