ဥရောပရဲ့ အင်အားကြီး စပိန်လက်ရွေးစင်အသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဆွီဒင်အသင်းကို အဝေးကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ကာ ၂၈နှစ် အတွင်း ပထမဦးဆုံးအကြိမ် ကမ္ဘာ့ဖလား ခြေစစ်ပွဲအရှုံးနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရပါတယ်။

စပိန်အသင်းဟာ ဥရောပတိုက် ကမ္ဘာ့ဖလား ခြေစစ်ပွဲအဆင့်ရဲ့ အုပ်စုBအတွင်းမှာ ဆွီဒင် ၊ ကိုဆိုဗို ၊ ဂရိ ၊ ဂျော်ဂျီယာအသင်းတို့နဲ့ ကျရောက်နေပြီး ယနေ့ ကစားခဲ့တဲ့ ဆွီဒင်အသင်း ကတော့ အုပ်စုအဆင့်ရဲ့ ၄ပွဲမြောက် ပွဲစဉ်လည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲမှာတော့ စပိန်အသင်းဟာ ဆွီဒင်အသင်းထက် ပိုမို ကောင်းမွန်တဲ့ ခြေစွမ်းကောင်း တရပ်ကို ပြသနိုင်ခဲ့ပေမယ့် ထိပ်တန်း တိုက်စစ်မှူး တဦး မရှိခြင်းနဲ့ အဆုံးသတ် မသေချာမှုတို့ကြောင့် အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပြီး ဒီနေ့ပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒီဂီယာကို ကျော်ကာ ပွဲထွက်ခွင့် ရခဲ့တဲ့ ဂိုးသမား ဆိုင်မွန်ရဲ့ လက်စွမ်းကလည်း အတော်လေးကို ဆိုးရွားခဲ့ပါတယ်။

ဆွီဒင်အသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၆မိနစ်မှာ အိုင်ဆက်နဲ့ ပွဲကစားချိန် ၅၇မိနစ်မှာ ကလေဆန်တို့က သွင်းယူပေးခဲ့ကြပြီး စပိန်အသင်း အတွက် တလုံးထဲသော သွင်းဂိုးကိုတော့ ပွဲကစားချိန် ၅မိနစ်မှာ ကွင်းလယ်လူ ဆိုလာက သွင်းယူပေးခဲ့တာပါ။

Photo Credit: Sky Sports

မှတ်တမ်းမှတ်ရာတွေ အရ ဆွီဒင်အသင်းကို အဝေးကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ဟာ ၁၉၉၃ခုနှစ် နောက်ပိုင်း စပိန်အသင်း အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုအဆင့်မှာ ပထမဦးဆုံး ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် ဖြစ်ကြောင်း သိရပါတယ်။

ဆွီဒင်အသင်းကို ရှုံးနိမ့်ပြီးနောက် စပိန်အသင်းဟာ အုပ်စုBရဲ့ ဒုတိယနေရာကို ဆင်းပေးခဲ့ရပြီး ပထမနေရာက ဆွီဒင်အသင်းထက် တပွဲပို ကစားထားကာ ရမှတ် ၂မှတ် လျော့နည်းနေတာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက် ပါဝင် ယှဉ်ပြိုင်ခွင့် ရဖို့ လက်ကျန်ပွဲစဉ် ၄ပွဲမှာ အကောင်းဆုံး ရလဒ်တွေ ရရှိအောင် ကြိုးစားရတော့မှာပါ။