စပိန်လာလီဂါကိုတော့ ပြီးခဲ့တဲ့ကြာသပတေးနေ့ ဇွန်(၁၁)ရက်နေ့ကနေ စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီတစ်ပတ်ရဲ့Weekend မှာလည်း လာလီဂါထိပ်သီးအသင်းတွေက ပွဲစဉ်(၂၈)ကို စတင်ဆင်နွဲကြရတော့မှာဖြစ်ပါတယ်။ အသင်းကြီးချင်း ထိပ်တိုက်ဆုံတွေ့နေတာ မပါဝင်ပေမယ့် ပွဲအားလုံးက စိတ်ဝင်စားဖို့ကောင်းနေတာကြောင့် ဒီပွဲတွေထဲကမှ အကောင်းဆုံးပွဲတွေအကြောင်း ရွေးချယ်ပြီး ဆွေးနွေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Image

မာယော့ကာ နဲ့ ဘာစီလိုနာ (စနေနေ့ည၂နာရီခွဲ)
မက်ဆီနဲ့ဆွာရက်ဇ်တို့ ဒဏ်ရာတွေကနေ သက်သာလာကြပြီဖြစ်လို့ ဘာစီလိုနာရဲ့တိုက်စစ်အားက အကောင်းဆုံးအနေအထားကို ရောက်နေနိုင်ပါတယ်။ မာယော့ကာကလည်း တန်းဆင်းဇုန်ကနေ လွတ်ထွက်နိုင်ဖို့အတွက် ရှိတဲ့အင်အားနဲ့ ရုန်းလာမှာဖြစ်တဲ့အပြင် သူတို့ရဲ့အိမ်ကွင်းရလဒ်တွေကလည်း သိပ်မဆိုးရွှားနေတာမို့ ဘာစီလိုနာအတွက် အခက်တွေ့နိုင်ပါတယ်။ ဒါပေမယ့် ချန်ပီယံဆုအတွက် အမှားခံလို့မဖြစ်တဲ့ အခြေအနေဖြစ်နေတာမို့ ဘာစီလိုနာတို့ အနိမ့်ဆုံးတော့ ကပ်နိုင်ပါလိမ့်မယ်။

Photo Credit : Getty Image

ဘီလ်ဘာအို နဲ့ အသက်လက်တီကို (တနင်္ဂနွေနေ့ညနေ၆နာရီခွဲ)
ဒီတစ်ပတ်ရဲ့ ရင်ခုန်စရာအကောင်းဆုံးပွဲစဉ်ပါ။ ယာအိုဖီးလစ် ကော်ရီရာ ဗွီတိုလိုတို့ မပါဝင်လာနိုင်တဲ့ အသက်လက်တီကိုရဲ့တိုက်စစ်က အားလျော့နေနိုင်ပါတယ်။ ဒါပေမယ့် သူရဲ့အထက်နဲ့အောက်ကအသင်းတွေဖြစ်တဲ့ ဂီတာဖေး ဗလင်စီယာတို့ ခြေချော်ထားတာကိုတော့ အခွင့်ကောင်းယူထားသင့်ပါတယ်။ ဘီလ်ဘာအိုမှာလည်း ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက်က ရှိနေသေးတော့ ဒီပွဲက သရေပွဲဆီကိုပဲ ဦးတည်သွားနိုင်ပြီး ဂိုးလည်းနည်းနိုင်ပါတယ်။

Photo Credit : Getty Image

ရီးရဲလ်မက်ဒရစ် နဲ့ အီဘာ (တနင်္ဂနွေနေ့ည၁၂နာရီ)
ဘာစီလိုနာကို ကျော်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ကို ပြန်လည်တတ်လှမ်းနိုင်ဖို့အတွက် ရီးရဲလ်တို့ ပွဲတိုင်းကို ရလဒ်ကောင်းဖို့ လိုအပ်နေပါတယ်။ ဟာဇက်လည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ တိုက်စစ်ပိုင်းမှာတော့ အားကောင်းနိုင်ပါတယ်။ အီဘာကတော့ တန်းဆင်းဇုန်နဲ့ဝေးရာကို အလွတ်ရုန်းဖို့ အမှတ်လိုအပ်နေတာကြောင့် ရီးရဲလ်ကို ခံကစားမှာပါ။ ဒါပေမယ့် အဝေးကွင်းမှာဆိုရင် အီဘာဟာ ရလဒ်ဆိုးတတ်သလို ရီးရဲလ်နဲ့တွေ့တိုင်းလည်း ရလဒ်မကောင်းတတ်တာမို့ ဒီပွဲလည်း ရီးရဲလ်တို့ (၂)ဂိုးပြတ်လောက်နဲ့ အနိုင်ရပါလိမ့်မယ်။