လာလီဂါကတော့ ဒီနှစ်ဘောလုံးရာသီသိမ်းဖို့အတွက် အနီးစပ်ဆုံးဖြစ်နေသလို ဒီနေ့မှာလည်း ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ လာလီဂါချန်ပီယံဆုအတွက် အဖြေပေါ်ဖွယ် ရှိနေပါတယ်။ ဒီနေ့ညမှာတော့ စပိန်လာလီဂါ ပွဲစဉ်(၃၇)ကို (၁)နာရီခွဲအချိန်မှာပဲ တပြိုင်နက်တည်း ကစားစေမှာဖြစ်ပြီး ပွဲအားလုံးထဲကမှ အရေးအပါဆုံး ပွဲစဉ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဗီလာရီးရဲလ်တို့ပွဲ ဘာစီလိုနာနဲ့ အိုဆာဆူနာတို့ပွဲအကြောင်းကိုပဲ ရွေးချယ်ပြီး သုံးသပ်သွားချင်ပါတယ်ခင်ဗျာ။

ရီးရဲလ်မက်ဒရစ် နဲ့ ဗီလာရီးရဲလ်

Photo Credit : Depor

ရီးရဲလ်က လာလီဂါပြိုင်ပွဲ ပြန်လည်စတင်ခဲ့ချိန်ကနေ တောက်လျှောက်ပွဲတိုင်းကို အနိုင်ယူထားခဲ့လို့ ဒီပွဲမှာပါ ထပ်နိုင်လိုက်မယ်ဆိုရင် လာလီဂါချန်ပီယံ ဖြစ်လာရတော့မှာပါ။ ဗီလာရီးရဲလ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ (၂)ပွဲအရေးနိမ့်ခဲ့ရတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် အဆုံးသတ်သွားခဲ့ပေမယ့် ယူရိုပါလိဂ်ဝင်ခွင့်အတွက်တော့ အမှတ်ထပ်မံ ဆုံးရှံးခဲ့လို့ မရတော့ပါဘူး။ ရီးရဲလ်ကလည်း ဗီလာရီးရဲလ်နဲ့ ဆုံတိုင်းမှာ ရုန်းကန်ရတတ်တဲ့ အစဉ်အလာတွေ ရှိခဲ့ဖူးသလို နောက်ဆုံးတွေ့ဆုံခဲ့တဲ့ (၄)ပွဲမှာလည်း အပြန်အလှန်သွင်းဂိုးတွေ ရှိခဲ့ဖူးပြီး (၂)ဂိုးစီ သရေပွဲ (၃)ပွဲတောင် ရှိခဲ့ရပါတယ်။ ဒီပွဲလည်း ရီးရဲလ်အတွက် ခက်ခဲကောင်း ခက်ခဲနေဦးမှာဖြစ်ပေမယ့် ဒီစတီဖာနိုကွင်းမှာတော့ အိမ်ရှင်ရီးရဲလ် လိုအပ်တဲ့နိုင်ပွဲကို ရယူနိုင်မှာပါ။ ကပ်နိုင်ပါမယ်။

ဘာစီလိုနာ နဲ့ အိုဆာဆူနာ

Photo Credit : AS English

ရီးရဲလ်က ချန်ပီယံဖြစ်ဖို့ နီးစပ်နေပြီဆိုပေမယ့် ဗီလာရီးရဲလ်နဲ့ပွဲမှာ ခြေချော်သွားနိုင်တာမျိုး ဖြစ်လာနိုင်တဲ့အတွက် ဘာစီလိုနာကတော့ သူ့အလုပ်သူ ဆက်လုပ်ရမှာပါ။ ခက်တာက သူတို့ရင်ဆိုင်ရမယ့် အိုဆာဆူနာက နောက်ဆုံး(၆)ပွဲမှာ (၁)ပွဲပဲ ရှံးထားတဲ့အထိကို ခြေမှန်နေပါတယ်။ မက်ဆီအပါအဝင် အသင်းရဲ့အမာခံကစားသမားတွေက ပွဲပန်းဒဏ်ကို အတော်လေးခံနေရတဲ့အပြင် စိတ်ဓါတ်ပိုင်းမှာလည်း နည်းနည်းလေး ကျဆင်းနေနိုင်တာကိုတော့ သတိထားဖို့ လိုပါမယ်။ ဒါပေမယ့် ဘာစီလိုနာက နူးကမ့်မှာ အိုဆာဆူနာနဲ့ဆုံတိုင်း ဂိုးတွေအမုန်းသွင်းတတ်တာကြောင့် အခုပွဲလည်း သိပ်မခက်ခဲပဲ အနိုင်ရသွားမှာပါ။ (၂)ဂိုးလောက်ပြတ်ဖွယ် ရှိနေပါတယ်။