MySport Myanmar

မက်ဆီကို ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်စေချင်တယ်လို့ စပိန်နည်းပြ အင်းနရစ် ဖွင့်ဟ

စပိန်လက်ရွေးစင်အသင်းနည်းပြ လူးဝစ်အင်းနရစ်က ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့ရဲ့ စပိန်အသင်း ဗိုလ်မစွဲနိုင်ခဲ့လို့ရှိရင် သူ့တပည့်ဟောင်း ဖြစ်ခဲ့ဖူးသူ လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်လာစေချင်တယ်လို့ ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

Photo Credit : Daily Mail

လက်ရှိမှာ စပိန်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြအင်းနရစ်ရဲ့ ၂၀၂၂ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းကို ဦးဆောင်လာမယ့် မက်ဆီတို့ဟာ ဘာစီလိုနာအသင်းမှာ လက်တွဲခဲ့ဖူးသူတွေဖြစ်ပြီး အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ကြပါတယ်။ ဒီဆရာတပည့်နှစ်ဦးဟာ လက်ရှိမှာတော့ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကို သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေအနေနဲ့အတူ ဝင်ရောက်ဆင်နွဲရတော့မှာဖြစ်တာကြောင့် အင်းနရစ်က သူရဲ့စပိန်အသင်းသာ ဒီကမ္ဘာ့ဖလားမှာ မအောင်မြင်ခဲ့ဘူးဆိုရင် သူ့တပည်ဟောင်း မက်ဆီကို အောင်မြင်စေချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

Photo Credit : The Mirror

“တကယ်လို့ စပိန်သာ ကမ္ဘာ့ဖလားကို မရခဲ့ဘူးဆိုရင်တော့ မက်ဆီကြောင့် အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ရရှိစေချင်ပါတယ်။ ကမ္ဘာ့ဖလားမရပဲ ဘောလုံးသမားဘဝကနေ အနားယူရတာက မက်ဆီအတွက် မတရားဘူးလို့ ဆိုချင်ပါတယ်” စပိန်နည်းပြ အင်းနရစ်က ဖွင့်ဟလိုက်ပါတယ်။ ဒီလို ဖွင့်ဟမှုတွေ ပြုလုပ်ထားခဲ့ပေမယ့်လည်း မက်ဆီကိုယ်တိုင်ကတော့ သူတို့ အာဂျင်တီးနာအသင်းကို ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်မယ့် အသင်းတစ်သင်းအဖြစ် မမြင်မိကြောင်းကို “ရေပန်းစားတဲ့ အသင်းတွေအကြောင်း ပြောကြတိုင်းမှာ တူညီတဲ့ အသင်းတွေ ဖြစ်နေတတ်တယ်။ ဘရာဇီးလ် ပြင်သစ်နဲ့ အင်္ဂလန်တို့က ကျန်တဲ့အသင်းတွေထက် နည်းနည်းပိုလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားက ခက်ခဲပြီး ရှုပ်ထွေးလွန်းလို့ ဘာမဆို ဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်တို့မှာ စိတ်အားထက်သန်တဲ့ အဖွဲ့တစ်ဖွဲ့ ရှိနေပြီး တဖြည်းဖြည်းချင်းပဲသွားဖို့ စဉ်းစားထားပါတယ်” လို့ ပြောဆိုထားခဲ့ပါတယ်။ လက်ရှိ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဟာ GOAT ကြီး မက်ဆီအတွက် ကစားသမားဘဝရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ဖြစ်တာကြောင့် ဘောလုံးပရိသတ်များစွာက မက်ဆီရဲ့အာဂျင်တီးနားအသင်းနဲ့ နောက်ထပ် GOAT ကြီးဖြစ်သူ ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းတို့ကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ဆုံစေချင်နေကြပါတယ်။

Exit mobile version