စပိန် လက်ရွေးစင် အသင်းရဲ့ နည်းပြ အင်းနရစ်ဟာ မနေ့က ဂျာမနီအသင်းနဲ့ ကစားသွားခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသမား အဖြစ် ပွဲထွက်လာခဲ့တဲ့ ဂိုးသမား ဒီဂီယာကို ချီးကျူးခဲ့ပြီး ဂျာမနီအသင်းနဲ့ ပွဲစဉ်မှာ အလွန် ကောင်းတဲ့ ဂိုးသမား ဖြစ်တာကို ပြသသွားခဲ့ပါတယ်လို့ Marca သတင်းမှာ ပြောခဲ့ပါတယ်။ ဂိုးသမား ဒီဂီယာဟာ လက်ရှိရာသီကုန်ခါနီးမှာ အမှားတွေ ပြုလုပ်ခဲ့ပေမယ့်လည်း မနေ့က ဂျာမနီ အသင်းနဲ့ (၁-၁) သရေကျခဲ့တဲ့ နေရှင်လိဂ် ပွဲစဉ်မှာတော့ ဂျာမနီ တောင်ပံ ကစားသမား ဆာနေးရဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု အပါအဝင် အခြား ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို ကောင်းစွာ ကာကွယ်နိုင်ခဲ့ပါတယ်။

Photo Credit: Dailymail

ဂိုးသမား ဒီဂီယာဟာ လာမယ့် ရာသီကနေ မန်ယူအသင်းမှာ ပွဲထွက်ခွင့် ရရှိဖို့အတွက် ရုန်းကန်ရဖို့ ရှိနေပြီး လက်ရှိမှာတော့ ရှက်ဖီးလ်အသင်းမှာ အငှားနဲ့ ကစားပြီးလို့ မန်ယူအသင်းကို ပြန်လည် ရောက်ရှိလာခဲ့တဲ့ ဂိုးသမား ဟန်ဒါဆန်နဲ့ ပွဲထွက်ခွင့် ရရှိဖို့အတွက် တိုက်ပွဲဝင်သွားရဖွယ် ရှိပါတယ်။ ဟန်ဒါဆန်ဟာ မန်ယူအသင်းနဲ့ စာချုပ်သစ် ထပ်တိုးပြီးနောက် ဂိုးသမား ဒီဂီယာရဲ့ နေရာမှာ အစားထိုးမယ့် ဂိုးသမား မဖြစ်ချင်ဘူးလို့ ပြောခဲ့တာကြောင့် လာမယ့် ရာသီသစ်မှာ နေရာရရှိဖို့ ပြိုင်ဆိုင်မှု ရှိလာနိုင်ပြီး စပိန် နည်းပြ အင်းနရစ်ကတော့ ဒီဂီယာကို အလွန် ကောင်းတဲ့ ဂိုးသမားလို့ ချီးကျူးခဲ့ပါတယ်။

Photo Credit: Dailymail

Marca သတင်းမှာ နည်းပြ အင်းနရစ်က “ဒီဂီယာက ဒီလို ပွဲစဉ်တွေ အများကြီးကို အင်္ဂလန်နိုင်ငံမှာ ကစားခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို သေချာ စောင့်ကြည့်လေ့လာခဲ့တယ်။ ဒါပေမယ့်လည်း သူ နဲ့ ကီပါက အမှားပြုလုပ်တဲ့ အချိန်မှာ သတင်းတွေမှာ ပါလာကြတယ်။ သူတို့ ဒါကို ကျင့်သားရနေပြီ။ သူ ကစားခဲ့တဲ့ ပွဲစဉ်ကို ကြည့်ပြီး ကျွန်တော်တို့ အလွန် ကောင်းတဲ့ ဂိုးသမားကို ပိုင်ဆိုင်ထားတယ်လို့ပဲ ပြောရပါလိမ့်မယ်။ သူတို့ကို မကျရှုံးဖို့ အားပေးသွားပါမယ်။ ဒီအခြေနေက ကျွန်တော် သူတို့ဆီက တောင်းဆိုတဲ့ အခြေနေပါပဲ။ သတင်းမီဒီယာတွေက သူတို့ကို ခက်ခဲလှတဲ့ အချိန်တွေ ပေးခဲ့ကြတဲ့ အတွက်ကြောင့် ကျွန်တော် သူတို့ကို ပိုပြီး ချစ်ခင်စွာ ဆက်ဆံပါတယ်။ သူတို့က သူတို့ရဲ့ အမှားကို အခြားသူတွေထက် ပိုသတိထားကြပြီး သူတို့ မီဒီယာတွေရဲ့ ဝေဖန်မှုကို ကျင့်သားရနေပါပြီ”လို့ ပြောသွားခဲ့ပါတယ်။