MySport Myanmar

အင်္ဂလန်က နောက်ပွဲတွေမှာ ဂိုးတွေ ပိုသွင်းနိုင်မယ်လို့ ယုံကြည်ကြောင်း ဆောက်ဂိတ် ဆို

အင်္ဂလန်အသင်းနဲ့ ဆာဘီးယားအသင်းတို့ဟာ ယူရို-၂၀၂၄ပြိုင်ပွဲ အုပ်စု(c)ရဲ့ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြရင်း အင်္ဂလန်က လူငယ်ကြယ်ပွင့် ကစားသမားလေး ဂျုဒ့် ဘယ်လင်ဟမ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဆာဘီးယားကို ကပ်အနိုင်ရခဲ့ပြီး အင်္ဂလန်တို့ အုပ်စုအဖွင့်လှသွားခဲ့ရပါတယ်။

အင်္ဂလန်က ယူရို-၂၀၂၄ပြိုင်ပွဲမှာ ဒိန်းမတ် ဆာဘီးယား ဆလိုဗက်ကီးယားတို့နဲ့ တစ်အုပ်စုတည်း အတူကျရောက်နေပြီး အင်္ဂလန်နဲ့ ဆာဘီးယားပွဲတို့ မတိုင်ခင် ဒိန်းမတ်နဲ့ ဆလိုဗက်ကီးယားတို့က တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့တာကြောင့် ဆာဘီးယားကို အနိုင်ရထားခဲ့တဲ့ အင်္ဂလန်က လက်ရှိ ဒီအုပ်စုရဲ့ တစ်သင်းတည်းသော နိုင်ပွဲရထားတဲ့ အသင်း ဖြစ်နေခဲ့ရပါတယ်။

Photo Credit : The Sun

ဒါပေမယ့် အင်္ဂလန်တို့က ဆာဘီးယားကို အလွယ်တကူနဲ့ အနိုင်ရခဲ့တာမဟုတ်ပဲ အစောပိုင်း ပွဲချိန် (၁၃)မိနစ်တည်းမှာ သွင်းယူခဲ့တဲ့ ဘယ်လင်ဟမ်ရဲ့ဂိုးကြောင့်သာ အနိုင်ရခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာဆိုရင်တော့ ရုန်းကန်မှုတွေ ရှိခဲ့ရပြီး ကစားသမား အများစုက ကလပ်အသင်းမှာ ကောင်းသလောက် လက်ရွေးစင်မှာ ခြေမပေါ်သလို ဖြစ်နေခဲ့ရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အင်္ဂလန်နည်းပြ ဆောက်ဂိတ်က “ဒီပွဲမှာ ဘယ်လင်ဟမ်ရဲ့အဆုံးသတ်ရယ် ပစ်ဖို့ဒ်ရဲ့ ကောင်းမွန်တဲ့ ကာကွယ်မှုရယ်နဲ့ ဟယ်ရီကိန်းရဲ့ ခေါင်းတိုက်မှုရယ်ပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပွဲတွေမှာတော့ ဂိုးတွေ ပိုကောင်းတဲ့ စွမ်းဆောင်မှုတွေ လာမှာပါ။ ကျွန်တော်တို့ ဂိုးတွေ အများကြီး သွင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။”

Photo Credit : The Independent

 

“အခုပွဲမှာကျတော့ ကျွန်တော်တို့က နောက်တန်း (၅)ယောက်တန်းခံစစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒီလို ခံစစ်မျိုးနဲ့ ယှဉ်ကစားရတဲ့အခါ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့က သိပ်မလွယ်ကူပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီး သွင်းဂိုးတစ်ဂိုးတည်းကပဲ လုံလောက်ခဲ့ရပါတယ်။ ဆာဘီးယားကလည်း တကယ့်ကို အင်အားကောင်းတဲ့ အသင်းပါ။ သူတို့ ကစားပုံ ကောင်းမွန်လို့ ကျွန်တော်တို့တွေလည်း နည်းနည်းတော့ ဒုက္ခရောက်ခဲ့ရတယ်။”

“ဒါက ကျွန်တော်တို့အတွက် ကောင်းတယ်လို့ ကျွန်တော် ထင်မိပါတယ်။ ပင်နယ်တီ ဧရိယာထဲမှာ ဂိုးပေါက်ကို ကာကွယ်နိုင်ဖို့ ခံစစ်ကို ကောင်းကောင်း ပုံဖော်နိုင်ခဲ့တာတွေနဲ့ ဖိအားတွေအောက်မှာ ကစားခဲ့ရတာတွေက ကျွန်တော်တို့အသင်းအတွက် အရေးကြီးခဲ့ပါတယ်။ ကျွန်တော်တို့လည်း ပွဲကို အဆုံးသတ်လိုက်ဖို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ဒါကို အကောင်အထည် မဖော်လိုက်နိုင်ဘူး။ ပထမပိုင်း ကစားပုံကို ကျေနပ်မိရပေမယ့် ဒုတိယပိုင်းမှာက လိုအပ်ချက်တွေ ရှိခဲ့တယ်။ ဒါပေမယ့် တစ်ပွဲလုံး ခြုံပြီးပြောရမယ်ဆိုရင် ကျေနပ်ရပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version