ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲမှာ ပြင်သစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ အင်္ဂလန်ရဲ့ နည်းပြချုပ် ဖြစ်သူ ဂါရတ် ဆောက်ဂိတ်က သူဟာ အင်္ဂလန်နည်းပြရာထူး ကနေ နုတ်ထွက်ဖို့ မစဉ်းစားထားကြောင်းနဲ့ သူ့ရဲ့ အနာဂတ် အတွက် အချိန်ယူ စဉ်းစားမယ်လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထနေရာ ရခဲ့တဲ့ အင်္ဂလန်က ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် ရေပန်းအစားဆုံး အသင်းတွေထဲက တသင်း ဖြစ်ပြီး သူတို့အသင်းဟာ အုပ်စုအဆင့်မှာ အုပ်စုဗိုလ် ဖြစ်ခဲ့သလို ၁၆သင်း ရှုံးထွက်အဆင့်မှာလည်း ဆီနီဂေါကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

Photo Credit: Pulse Nigeria

ကွာတားဖိုင်နယ်မှာတော့ အင်္ဂလန်က လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး ပြင်သစ်နဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် သူ့ရဲ့ လူစားလဲ နောက်ကျမှု ၊ မှားယွင်းတဲ့ လူထုတ်ပုံတို့ကြောင့် အင်္ဂလန်ဟာ လိုအပ်နေတဲ့ ချေပဂိုးတွေ ပြန်ရဖို့ ရုန်းကန်ခဲ့ရပြီး ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကို နှုတ်ဆက် ထွက်ခွာခဲ့ရပါတယ်။

အဆိုပါပွဲမှာ အင်္ဂလန်က ပြင်သစ်ထက် ကစားပုံ ပိုကောင်းခဲ့ပေမယ့် ဆောက်ဂိတ်ရဲ့ လူစားလဲ နောက်ကျမှုတွေကြောင့် အရေးပါတဲ့ အခိုက်အတန့်တွေမှာ ကစားအား တက်သင့်သလောက် မတက်လာခဲ့သလို လိုအပ်နေတဲ့ ချေပဂိုးတွေကိုလည်း မရခဲ့ပါဘူး။

 

Photo Credit: Pulse Nigeria

အင်္ဂလန် ၁-၂ ပြင်သစ် ပွဲအပြီးမှာတော့ ဆောက်ဂိတ်က ကွာတားဖိုင်နယ် ကနေ ထွက်ခွာခဲ့ရမှု အတွက် သူ့မှာ တာဝန်ရှိပေမယ့် နည်းပြရာထူး ကနေ နုတ်ထွက်ဖို့ မစဉ်းစားထားကြောင်းနဲ့ သူ့ရဲ့ အနာဂတ် အတွက် အချိန်ယူကာ သေချာ စဉ်းစားသွားမယ်လို့ ဆိုလာပါတယ်။

ဆောက်ဂိတ်က – “ကျွန်တော်က ဖလားပြိုင်ပွဲ တပွဲ ပြီးသွားတဲ့ အခါတိုင်းမှာ ကျွန်တော့်ရဲ့ အနာဂတ် အတွက် စဉ်းစားဖို့ အချိန်ယူလေ့ ရှိပါတယ်။ ပြိုင်ပွဲပြီးတဲ့ အချိန်တွေမှာ လူတွေက ခံစားချက်တွေ အများကြီး ရှိနေတတ်တော့ သေချာ စဉ်းစားဖို့ လိုအပ်တယ်လေ။ ကျွန်တော်က မှန်ကန်တဲ့ ဆုံးဖြတ်ချက် တခုကို ချမှတ်ချင်ပါတယ်။ အသင်းအတွက်ရော ၊ ဘောလုံးအဖွဲ့ချုပ် အတွက်ပါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုးကို ချချင်တာပါ။ ကျွန်တော်က မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ အချိန်ယူချင်ပါတယ်။ ဆုံးဖြတ်ချက် တခု ချဖို့ ဆိုတာ ခွန်အားတွေ အများကြီး ယူရတယ်လေ။ ကျွန်တော်တို့က လာမယ့် မတ်လမှာ ယူရိုပြိုင်ပွဲ အတွက် ခြေစစ်ပွဲတွေ ကစားဖို့ ကျန်နေပါသေးတယ်။ ကျွန်တော်က အဲ့ဒီအကြောင်းတွေကိုလည်း တွေးတောရပါဦးမယ်။ ဒီနေ့ညကတော့ ကျွန်တော့်ရဲ့ ခေါင်းထဲမှာ အတွေးတွေ အများကြီး ဖြစ်နေပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။