MySport Myanmar

ယူနိုက်တက် အပါအဝင် ဘယ်အသင်းကိုမှ ကိုင်တွယ်ဦးမှာ မဟုတ်တဲ့ ဆောက်ဂိတ်

အင်္ဂလန် လက်ရွေးစင် နည်းပြဟောင်း ဂါရတ် ဆောက်ဂိတ်က မန်ချက်စတာ ယူနိုက်တက်အသင်း အပါအဝင် ဘယ်ကလပ်အသင်းကိုမှ ကိုင်တွယ်ဦးမှာ မဟုတ်ပဲ လာမယ့်နှစ်အတွင်းအထိ နည်းပြအလုပ်ကို ဆောင်ရွက်ဦးမှာ မဟုတ်ကြောင်း အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။

နည်းပြဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို နှစ်ရှည်လများစွာ ကိုင်တွယ်ခဲ့ပြီး ဆုဖလား အောင်မြင်မှုတွေ ရယူမပေးနိုင်ခဲ့ပဲ ယူရိုပြိုင်ပွဲမှာ (၂)ကြိမ်ဆက် ဗိုလ်လုပွဲအဆင့်ထိ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာပဲ အင်္ဂလန်နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ကာ အသင်းလက်မဲ့ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : CNN

ဆောက်ဂိတ်အနေနဲ့ ယူရို-၂၀၂၄ပြိုင်ပွဲ မတိုင်ခင်ကတည်းက မန်ယူနိုက်တက်အသင်းနဲ့ သတင်းတွေ တောက်လျှောက် ထွက်ပေါ်နေခဲ့ပြီး လက်ရှိ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ် ရလဒ်တွေ ဆိုးနေချိန်မှာလည်း တန်ဟက်ဂ်နေရာ အစားဝင်ရောက်လာနိုင်သူအဖြစ် ရေပန်းစားလျက် ရှိနေရပါတယ်။

ယူနိုက်တက်အသင်းရဲ့ အားကစား ဒါရိုက်တာ ဒန် အက်ရှ်ဝက်က အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်မှာ နည်းစနစ် ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့စဉ်တုန်းက ဆောက်ဂိတ်ကို အင်္ဂလန်နည်းပြ ဖြစ်လာအောင် ဆောက်ရွှက်ခဲ့သူဖြစ်ပြီး အခုလည်း ဆောက်ဂိတ်ကို ယူနိုက်တက်နည်းပြတာဝန် ပေးအပ်ချင်နေပြန်ပါတယ်။

Photo Credit : ESPN

ဒါပေမယ့် ဆောက်ဂိတ်ကတော့ လာမယ့် ၂၀၂၅ခုနှစ်အထိ နည်းပြအလုပ်ကို ဆောင်ရွှက်သွားဦးမှာ မဟုတ်ကြောင်း အသိပေး ထုတ်ပြန်လာခဲ့သလို သူနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလဟာလ သတင်းတွေကိုလည်း နှုတ်ပိတ်သွားစေခဲ့ပါတယ်။ ဆောက်ဂိတ်က “လာမယ့်နှစ်အထိ ကျွန်တော် နည်းပြအလုပ်ကို ဆောင်ရွှက်ဦးမှာ မဟုတ်ပါဘူး။”

“ဒါက သေချာပါတယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ချမှတ်ဖို့အတွက် ကိုယ့်ကိုကိုယ်လည်း အချိန်ပေးရပါမယ်။ တကယ်ကြီးကျယ်တဲ့ အခန်းကဏ္ဍတစ်ခုကနေ ထွက်လာတဲ့အခါမျိုးမှာ ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ အချိန်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်ရဲ့ လက်ရှိဘဝကို နေပျော်နေလို့ ဘာကိုမှ အလျင်စလို မဖြစ်နေပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version