အင်္ဂလန်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ဂါရတ် ဆောက်ဂိတ်ကတော့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ အဓိက ညာနောက်ခံလူ တဦး ဖြစ်သူ အလက်ဇန်းဒါး အာနိုးလ်ဟာ သူ့အတွက် စတုတ္ထ ဦးစားပေး ညာနောက်ခံလူ အဆင့်မှာသာ ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားရင်း အာနိုးလ်ကို ကမ္ဘာ့ဖလား လူစာရင်း ကနေ ချန်လှပ်နိုင်ကြောင်း အရိပ်အမြွက် ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန်နဲ့ လီဗာပူးတို့ရဲ့ အဓိက ညာနောက်ခံလူ အလက်ဇန်းဒါး အာနိုးလ်က လီဗာပူးရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာသူ ဖြစ်ပြီး သူ့ရဲ့ တိကျတဲ့ ဖြတ်တင်ဘော ပေးပို့နိုင်စွမ်းနဲ့ တိုက်စစ်လိုက်ပါမှု ကောင်းမွန်တဲ့ အချက်တို့ကြောင့် ကမ္ဘာ့အဆင့် ညာနောက်ခံလူတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူပါ။

Photo Credit: Standard

အာနိုးလ်က တိုက်စစ်အားသန် ညာနောက်ခံလူ တဦး ဖြစ်တာကြောင့် သူ့ရဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည်ဟာ သာမန်အဆင့်သာ ရှိပြီး ဒီရာသီမှာလည်း သူ့ရဲ့ ပြိုင်ဘက် ကစားသမားတွေကို ထိန်းချုပ် ကစားနိုင်စွမ်း နည်းပါးမှုကြောင့် လီဗာပူးဟာ သွင်းဂိုး တချို့ကို ခွင့်ပြုထားရပါသေးတယ်။

ဒါကြောင့်ပဲ အာနိုးလ်အပြင် ထိပ်တန်း ညာနောက်ခံလူတွေ ဖြစ်တဲ့ ရစ်စီဂျိမ်းစ် ၊ ဝေါ်ကာနဲ့ ထရစ်ပီယာတို့လို ထိပ်တန်း ညာနောက်ခံလူတွေကို ပိုင်ဆိုင်ထားတဲ့ အင်္ဂလန်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ဆောက်ဂိတ်က လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် လူစာရင်း ကနေ အာနိုးလ်ကို ချန်လှပ်သွားဖို့ စဉ်းစားနေပြီး ဆောက်ဂိတ်က အာနိုးလ်ဟာ သူ့အတွက် စတုတ္ထမြောက် ဦးစားပေး ညာနောက်ခံလူ အဆင့်သာ ရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

ဆောက်ဂိတ်က – “ပထမဦးဆုံး ပြောချင်တာက ကျွန်တော်ဟာ ဘယ်ကစားသမားကိုမှ ၂ပွဲဆက်တိုက် အရန်ခုံမှာ မထိုင်ခိုင်းချင်ပါဘူး။ ဒီလိုမျိုး အလှည့်ကျစနစ်ကို သုံးတာက ကစားသမားကောင်းတွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ ကျွန်တော်တို့ အသင်းအတွက် ကောင်းမွန်တဲ့ နည်းလမ်းတခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က အာနိုးလ်ကို ဂျာမဏီနဲ့ပွဲ အတွက် လူစာရင်း ကနေ ချန်လှပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ရှေ့တပွဲကတော့ ကျွန်တော်တို့ဟာ ဘယ်နောက်ခံလူ နေရာ အတွက် ကာဗာလုပ်စရာ မလိုလို့ အာနိုးလ် အတွက် နေရာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဂျာမဏီနဲ့ပွဲမှာတော့ ကျွန်တော်တို့က ဘယ်နောက်ခံလူ နှစ်ဦးကို ခေါ်သွားဖို့ လိုအပ်တာကြောင့် နောက်ထပ် ခံစစ်မှူး တဦးကိုပဲ ရွေးချယ်ခွင့် ရှိခဲ့ပါတယ်။ (ဝေါ်ကာနဲ့ ရစ်စီဂျိမ်းစ်တို့ ညာနောက်ခံလူ နှစ်ဦး အပြင်) ဒါကြောင့် ကျွန်တော်က ကီရန်ကို (ထရစ်ပီယာ) ရွေးချယ်လိုက်ပါတယ်။ ကျွန်တော်က ကီရန်ရဲ့ ကစားပုံဟာ အာနိုးလ်ထက် ပိုပြီး ပြည့်စုံတယ်လို့ ထင်ပါတယ်” ဆိုပြီး အာနိုးလ်ဟာ သူ့အတွက် စတုတ္ထ ဦးစားပေး ညာနောက်ခံလူ အဖြစ်သာ ရှိကြောင်းကို ရှင်းပြသွားခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိ အင်္ဂလန်ရဲ့ လူစာရင်းထဲမှာ ညာနောက်ခံလူနေရာ အတွက် ထိပ်တန်း ညာနောက်ခံလူ ၄ဦး အထိ ရှိနေသလို ဝေါ်ကာနဲ့ ရစ်စီဂျိမ်းစ်တို့ဟာ ဆောက်ဂိတ်ရဲ့ အကြိုက်ဆုံး နောက်ခံလူတွေ ဖြစ်နေတာကြောင့် အာနိုးလ်အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လူစာရင်းထဲ ပါဝင်ခွင့် ရဖို့ အတွက် ဆိုရင် ထရစ်ပီယာထက် ပိုကောင်းအောင် ကစားပြဖို့ လိုအပ်နေပြီး ထရစ်ပီယာကလည်း အာနိုးလ်လိုမျိုး ဖြတ်တင်ဘော ပေးပို့ရာမှာ ကောင်းမွန်သလို တည်ကန်ဘောတွေကိုလည်း အကောင်းဆုံး အဆုံးသတ်နိုင်သူ ဖြစ်တာကြောင့် အာနိုးလ်အနေနဲ့ ထရစ်ပီယာကို ကျော်ကာ နေရာရဖို့ အတွက် သူ့ရဲ့ ခံစစ်စွမ်းဆောင်ရည်ကို တိုးမြှင့်နိုင်ဖို့ လိုအပ်နေပါတယ်။