ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ ဩစတီးယားအသင်းတို့ရဲ့ ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ အလက်ဇန်းဒါး အာနိုးလ်ရဲ့ ဒဏ်ရာ အခြေအနေဟာ ဆိုးရွားမယ့် ပုံစံမှာ ရှိကြောင်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၀ပြိုင်ပွဲ မစတင်မီ နောက်ဆုံး ပြုလုပ်တဲ့ ခြေစမ်းပွဲအဖြစ် ဩစတီးယားအသင်းနဲ့ ကစားခဲ့တာ ဖြစ်ပြီး အဆိုပါပွဲစဉ်မှာ လူငယ် တောင်ပံ ကစားသမား ဆာကာရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အာနိုးလ် ဒဏ်ရာရရှိခဲ့တာဟာ အင်္ဂလန်အသင်း အတွက် ကံဆိုးခြင်းလို့ပဲ ဆိုရမှာပါ။

Photo Credit: The Mirror

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့် အပြီးသတ် လူစာရင်း ၂၆ယောက်ကို မကြာမီကမှ ကြေညာထားတဲ့ အသင်းတသင်း ဖြစ်ပြီး အဆိုပါ လူစာရင်းမှာ ညာနောက်ခံလူ ၄ဦး အထိ ရွေးချယ်ထားကာ အာနိုးလ်ဟာ တဦးအပါအဝင်ပဲ ဖြစ်ပါတယ်။ လူစာရင်းမှာ ပါဝင်တဲ့ ညာနောက်ခံလူ ၄ဦး အနက် ဝေါ်ကာနဲ့ ရစ်စီဂျိမ်းစ်တို့ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကစားခဲ့ရတာကြောင့် ယနေ့မနက်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဆောက်ဂိတ်ဟာ အာနိုးလ်ကို ပွဲထွက် လူစာရင်းမှာ ထည့်သွင်း အသုံးပြုခဲ့တာပါ။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ အာနိုးလ်ဟာ ခြေသလုံး ကြွက်သားဒဏ်ရာ ရရှိသွားခဲ့ပြီး သူ့ရဲ့ ဒဏ်ရာအခြေအနေဟာ အနည်းငယ် ပြင်းထန်ပုံပေါ်ပါတယ်။

Photo Credit: The Mirror

လက်ရှိမှာတော့ ဆောက်ဂိတ်က ဒဏ်ရာ ရသွားတဲ့ အာနိုးလ်ရဲ့ နေရာမှာ အခြား ကစားသမားတဦးကို အစားထိုး ရွေးချယ်ဖို့ မရှိသေးပဲ အာနိုးလ်ရဲ့ ဒဏ်ရာကို အပြီးသတ် စစ်ဆေးမှု ပြုလုပ်ပြီးမှသာ လူစာရင်းမှာ ဆက်ထားမလား ၊ အစားထိုး ရွေးချယ်မလား ဆိုတာကို ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အာနိုးလ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး ဆောက်ဂိတ်က – “ကျွန်တော်တို့တွေ စောင့်ကြည့်သွားမှာပါ။ ကွင်းထဲကနေ သူ ထွက်လာတဲ့ ပုံစံကို ကြည့်ရတာတော့ အခြေအနေ ကောင်းတဲ့ပုံ မပေါ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ သူ့ကို ၂၄နာရီ စောင့်ကြည့်သွားမှာပါ။ ကျွန်တော့်အထင် သူက ခြေသလုံးဒဏ်ရာ ရရှိခဲ့တဲ့ပုံပါ။ ဒါပေမယ့် ဆေးအဖွဲ့ကတော့ သူ့ရဲ့ ဒဏ်ရာကို စစ်ဆေးနေဆဲ အခြေအနေမှာပဲ ရှိပါသေးတယ်။ သူ ထွက်လာတဲ့ ပုံစံက အခြေအနေ မကောင်းတာ မှန်ပေမယ့် ကျွန်တော်တို့တွေ နောက်ထပ် ၂၄နာရီ ၊ ၄၈နာရီလောက် သူ့ရဲ့ အခြေအနေကို စောင့်ကြည့်သွားမှာပါ” လို့ ပြောကြား သွားပါတယ်။