အင်္ဂလန်လက်ရွေးစင်အသင်းရဲ့နည်းပြဖြစ်သူ ဆောက်ဂိတ်က လာမယ့်ရက်ပိုင်းအတွင်းမှာ ယှဉ်ပြိုင်ကစားသွားရတော့မယ့် UEFA Nations League ပြိုင်ပွဲအတွင်း ပါဝင်ဆင်နွဲနိုင်ဖို့ ရွေးချယ်လို့ထားတဲ့ ဂိုးသမားလေး ဒင်းဟန်ဒါဆန်ရဲ့အကြောင်းနဲ့ပတ်သက်ပြီး ဟန်ဒါဆန်အနေနဲ့ အခြားကလပ်အသင်းတစ်သင်းဆီကို ပြောင်းရွှေ့သွားခြင်းမရှိပဲ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ပြီး ဒီဂီယာနဲ့အပြိုင် ပထမနေရာအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ထောက်ခံပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ရှက်ဖီးယူနိုက်တက်အသင်းမှာ (၂)ရာသီကြာ အငှားနဲ့သွားရောက်ကစားခဲ့တဲ့ ဒင်းဟန်ဒါဆန်ဟာ အခုတော့ သူရဲ့မူလကလပ် ယူနိုက်တက်အသင်းဆီကို ပြန်လည်ရောက်ရှိလာပြီဖြစ်သလို အသင်းနဲ့လည်း (၆)နှစ်သက်တမ်းတိုးရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး ဒီဂီယာ ရိုမဲရိုးတို့လို ဝါရင့်ဂိုးသမားတွေနဲ့အပြိုင် ပထမနေရာအတွက် တိုက်ပွဲဝင်သွားတော့မှာဖြစ်ပါတယ်။ အခုလို တိုက်ပွဲဝင်လိုစိတ်ရှိတဲ့ ဟန်ဒါဆန်နဲ့ပတ်သက်ပြီး အင်္ဂလန်နည်းပြဆောက်ဂိတ်က “ဒါက ဒင်းအတွက် တကယ့်ကို အရမ်းကောင်းလှတဲ့ အခွင့်အရေးတစ်ခုလို့ပဲ ကျွန်တော်မြင်မိပါတယ်”

Photo Credit : DBAsia News

“သူအနေနဲ့ နောက်တစ်ရာသီလောက် အသင်းကနေ အငှားထွက်ခွာသွားလို့ ရနိုင်သေးပြီးတော့ ပရီးမီးယားလိဂ် အတွေ့အကြုံကို ဆက်ရှာဖွေလို့ ရသေးပေမယ့်လည်း သူ့လို အသက်အရွှယ်ရှိနေတဲ့ ဂိုးသမားတစ်ယောက်အနေနဲ့ လက်ရွေးစင်အသင်းမှာ ရွေးချယ်ဖို့တစ်ခုတည်းကိုပဲ စဉ်းစားထားလို့ မရနိုင်ဘူးလေ။ ဂိုးသမားတစ်ယောက်အနေနဲ့ သူရဲ့ကစားသမားဘဝကို တည်ဆောက်ရမယ်။ ယူနိုက်တက်မှာလည်း ယူနိုက်တက်ရဲ့ဝတ်စုံဝတ်ဆင်ထားပြီး အသင်းရဲ့ဂိုးပေါက်ကို တာဝန်ယူဖို့က စိန်ခေါ်မှုများစွာ ရှိနေမှာ။ ကျွန်တော်ဆိုရင်လည်း အခြားအသင်းကိုပြောင်းရွှေ့တာထက် ယူနိုက်တက်မှာဆက်နေပြီး ပထမဂိုးသမားနေရာအတွက်ကို အသည်းအသန်ကြိုးပမ်းသွားမှာ။ သူလည်း အခုဒီလိုပဲ ဆုံးဖြတ်ချက်ခဲ့ပါတယ်။ အခု သူက ယူနိုက်တက်နည်းပြတွေ့ရှေ့မှာ နေ့ရက်တိုင်းလိုလို လေ့ကျင့်ခန်းဆင်းရတော့မှာဖြစ်သလို နည်းပြတွေကိုလည်း သူဘယ်လောက်ထိ စွမ်းဆောင်နိုင်လဲဆိုတာ ပြသနိုင်တော့မှာပါ။ နောက်ပြီး ဒီိဂီယာအတွက်ကိုလည်း ဖိအားတွေ ပိုပေးလာနိုင်ပါတယ်။ သူဒီအသင်းမှာ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာက ကျိုးကြောင်းဆီလျော်မှုလည်း ရှိသလို အသင်းကလည်း လာမယ့်ရာသီမှာ သူ့ကို ပွဲထွက်ကစားခွင့်တွေ အရေအတွက်များများ ပေးလာနိုင်ပါတယ်” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။