အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ ဆောက်ဂိတ်ကတော့ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ အင်္ဂလန် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားကို ယုံကြည်နေဆဲ ဖြစ်တာကြောင့် မက်ဂွိုင်းယားကို အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ဆက်လက် ရွေးချယ်ကာ ပွဲထွက်ခွင့် ပေးဖို့ ဆုံးဖြတ်ထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ခြေစွမ်းတွေ ကျဆင်းနေသူ တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း သူ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားတဲ့ ပွဲစဉ်တိုင်းမှာ မန်ချက်စတာ ယူနိုက်တက်ဟာ ရှုံးပွဲတွေနဲ့သာ ကြုံတွေ့ထားရပါတယ်။

Photo Credit: Mirror

မက်ဂွိုင်းယားက ခြေစွမ်းခြေစ ရှိတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ယူရို ၂၀၂၀ပြိုင်ပွဲ အပြီးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းသွားတာကြောင့် သူ့ရဲ့ ပုံမှန် ခြေစွမ်းကောင်းကို ပြန်လည် ပြသနိုင်ဖို့ ရုန်းကန်နေရသူ ဖြစ်ပြီး သူ့ရဲ့ ပုံမှန်ခြေစွမ်းအောက် ရောက်နေမှုကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က ဗာရန်းနဲ့ မာတီနက်ဇ်တို့ရဲ့ ခံစစ်အတွဲကိုသာ အဓိက ဗဟိုခံစစ်အတွဲ အဖြစ် သုံးစွဲဖို့ စီစဉ်ထားပါတယ်။

ဒါပေမယ့် အင်္ဂလန်နည်းပြ ဖြစ်သူ ဆောက်ဂိတ်ကတော့ သူ့ရဲ့ ကစားသမား အပေါ် ယုံကြည်မှု ရှိနေဆဲ ဖြစ်ပြီး ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပဲ မက်ဂွိုင်းယားဆီ ဖုန်းခေါ်ဆိုကာ မန်ချက်စတာ ယူနိုက်တက်မှာ ပွဲထွက်ခွင့် နည်းပါးနေတာကြောင့် အင်္ဂလန်အတွက် ရွေးချယ် မခံရမှာကို စိတ်ပူစရာ မလိုကြောင်းနဲ့ သူက မက်ဂွိုင်းယားကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ခေါ်ဆောင်သွားဖို့ ဆုံးဖြတ်ထားသလို အဓိက ခံစစ်မှူး အဖြစ်ပါ အသုံးပြုသွားမယ်လို့ အသိပေးခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Mirror

အင်္ဂလန်က ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ယခုလ ၂၄ရက်နေ့နဲ့ ၂၇ရက်နေ့တို့မှာ အီတလီ ၊ ဂျာမဏီ စတဲ့ အသင်းကြီးတွေနဲ့ UEFA နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေကို ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး ဆောက်ဂိတ်က အဆိုပါပွဲတွေ အတွက် လူစာရင်းကို မကြာခင်မှာ ထုတ်ပြန် ကြေညာဖို့ ရှိသလို လူစာရင်းထဲမှာလည်း မက်ဂွိုင်းယားကို ထည့်သွင်းထားကြောင်း နီးစပ်သူတွေက ပြောကြားထားကြပါတယ်။