အင်္ဂလန်လက်ရွေးစင် အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ဆောက်ဂိတ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂျာမဏီနဲ့ နေးရှင်းလိဂ်ပွဲမှာ အသင်းရဲ့ အဓိက ခံစစ်မှူး တဦး ဖြစ်သူ ဂျွန်စတုန်းစ် တယောက် ဒဏ်ရာရသွားတာကြောင့် လူစားလဲခဲ့ရသလို နောက်ထပ် အဓိက ခံစစ်မှူး ဖြစ်တဲ့ မက်ဂွိုင်းယားဟာလည်း ပွဲပြီးခါနီးမှာ ဒဏ်ရာ ရရှိခဲ့ကြောင်း ပွဲပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

နေးရှင်းလိဂ် ပထမတန်း ၊ အုပ်စု(၂)ရဲ့ နောက်ဆုံးပွဲ အဖြစ် အင်္ဂလန်နဲ့ ဂျာမဏီတို့ဟာ အင်္ဂလန်မြေပေါ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ တဖက် သုံးဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး အဆိုပါပွဲမှာ အင်္ဂလန်အတွက် သွင်းဂိုးတွေကို ဘယ်နောက်ခံလူ လုခ်ရှော ၊ လူစားဝင် ကွင်းလယ်လူ မေဆန်မောင့်နဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းတို့ အသီးသီး သွင်းယူပေးခဲ့ကြကာ ဂျာမဏီ အတွက် သွင်းဂိုးတွေကိုတော့ ကွင်းလယ်လူ ဂန်ဒိုဂန်နဲ့ တိုက်စစ် ကစားသမား ကိုင်ဟားဗက်တို့က သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Fot Mob

သွင်းဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင် သွင်းယူခဲ့ကြတဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခံစစ်ကြောင်းတွေက အမှားအယွင်းတွေ လုပ်ခဲ့ကြတာတွေ ရှိပြီး အင်္ဂလန်ရဲ့ အဓိက ဗဟိုခံစစ်မှူး တဦး ဖြစ်သူ ဂျွန်စတုန်းစ်ကတော့ ပွဲကစားချိန် ၃၇မိနစ်မှာပဲ ကြွက်သားဒဏ်ရာကြောင့် နောက်ခံလူ ကိုင်လီ ဝေါ်ကာနဲ့ လူစားလဲခံခဲ့ရပါတယ်။

အင်္ဂလန် ၃-၃ ဂျာမဏီ ပွဲစဉ်အပြီးမှာတော့ ဆောက်ဂိတ်က ဂျွန် စတုန်းစ်ရဲ့ ဒဏ်ရာအခြေအနေ အကြောင်းကို အနည်းငယ် ရှင်းပြသွားခဲ့သလို ဂျာမဏီနဲ့ပွဲမှာ အမှားတွေ လုပ်မိခဲ့တဲ့ ဗဟိုခံစစ်မှူး မက်ဂွိုင်းယားကလည်း အသေးစား ဒဏ်ရာတခု ရရှိခဲ့ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Fot Mob

မက်ဂွိုင်းယားရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး ဆောက်ဂိတ်က – “ဂျွန်စတုန်းစ်က သူ့ရဲ့ တံကောက်ကြောနဲ့ ပတ်သတ်ပြီး နာကျင်မှု ရှိခဲ့လို့ လူစားခဲ့ရတာပါ။ ပြီးတော့ မက်ဂွိုင်းယားကလည်း ဒဏ်ရာတချို့ ရခဲ့ပါတယ်။ ကျွန်တော်ကတော့ မက်ဂွိုင်းယားရဲ့ ဒဏ်ရာက အသေးစား ဒဏ်ရာလေးပဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။