အင်္ဂလန်လက်ရွေးစင် အသင်းရဲ့ နည်းပြ ဖြစ်သူ ဆောက်ဂိတ်ကတော့ ဒေါ့မွန်အသင်းနဲ့ အတူ တောက်ပလာတဲ့ လူငယ် ကြယ်ပွင့် ကစားသမား ဖြစ်တဲ့ ဂျေဒန်ဆန်ချိုဟာ မန်ယူအသင်းရဲ့ တိုက်စစ် ကစားသမား မားကပ်ရက်ဖို့ဒ်ကို စံပြ ကစားသမားအဖြစ် သတ်မှတ်ပြီး အတုယူသင့်တယ်လို့ အကြံပေး စကားပြောဆိုသွားခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ နည်းပြ အဖြစ် တာဝန်ယူပြီးနောက် အထိုက်အလျောက် အောင်မြင်မှုတွေ ရထားတဲ့ ဆောက်ဂိတ်ဟာ ယခုအချိန်မှာ ကမ္ဘာ့အကောင်းဆုံး လူငယ် တောင်ပံကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ ဆန်ချိုမှာ သင်ယူစရာတွေ ရှိသေးတယ်လို့ ယူဆနေပြီး ဆန်ချိုဟာ သူ့ရဲ့ စီနီယာတွေ ဖြစ်ကြတဲ့ စတာလင်းနဲ့ ရက်ဖို့ဒ်တို့ကို အတုယူပြီး ကြိုးစားသင့်ကြောင်း အင်တာဗျူးတစ်ခုမှာ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။

Photo Credit: Standard

အသက်၂၀အရွယ်သာ ရှိသေးတဲ့ ဆန်ချိုဟာ လက်ရှိ ဘောလုံးရာသီမှာ ဒေါ့မွန်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူ ဖြစ်ကာ ပြိုင်ပွဲစုံ ပွဲ၄၀ အထိ ပါဝင် ကစားပေးထားရာမှာ ဂိုး၂၀ သွင်းယူထားနိုင်ခဲ့ပြီး ဂိုး၂၀ ဖန်တီးပေးထားနိုင်သူပါ။ ဒါ့ကြောင့် ဆောက်ဂိတ်ဟာ ဆန်ချိုရဲ့ ခြေစွမ်းတွေကို သဘောကျနေခဲ့ပြီး နိုင်ငံတကာ ပြိုင်ပွဲကြီး တစ်ခုဖြစ်တဲ့ ယူရို၂၀၂၀ ပြိုင်ပွဲမှာ ဆန်ချိုဟာ အင်္ဂလန်အသင်းအတွက် အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ တွက်ဆထားကြောင်း သိရပါတယ်။ ဒါပေမယ့် ဆောက်ဂိတ် က ဆန်ချိုအနေနဲ့ စတာလင်း ၊ ရက်ဖို့ဒ်တို့ကို စောင့်ကြည့်ပြီး လေ့လာသင်ယူဖို့ မျှော်လင့်မိပါတယ်လို့ Football Show အစီအစဉ်မှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

ဆန်ချိုအပေါ် သူ့ရဲ့အမြင်တွေနဲ့ ပတ်သတ်ပြီး ဆောက်ဂိတ်က ” ဆန်ချိုဟာ အရမ်းကို ပါရမီ မြင့်မားတဲ့ ကစားသမား တစ်ဦးပါ။ သူဟာ သူ့ရဲ့ အသက်အရွယ်နဲ့ ဘယ်လောက်ထိ ကောင်းမွန် တဲ့ ကစားသမားလည်းဆိုတာ ခင်ဗျားတို့ မြင်တွေ့ထားပြီးပါပြီ။ အခုချိန်မှာ သူ့အတွက် ခြေလှမ်းတိုင်းက စိန်ခေါ်မှုတွေလို့ ပြောလို့ရပေမယ့် သူဟာ အားလုံးကို အကောင်းဆုံး အနေအထားနဲ့ ဖြတ်ကျော်နေပါတယ်။ သူဟာ ပွဲတွေကနေ သင်ယူလေ့လာမှုတွေ လုပ်ဆောင်နေပါပြီ။ ပြီးတော့ ပိုပြီး ရင့်ကျက်မှုလည်း ရှိလာခဲ့ပါတယ်။ အခုချိန်မှာ သူ့အတွက် ရက်ဖို့ဒ်က အကောင်းဆုံး စံပြကစားသမားအဖြစ် ရှိနေပါတယ်။ ပြီးတော့ စတာလင်းရောပေါ့။ အခုချိန် မှာ သူတို့က နာမည်ကြီး ကစားသမားတွေ ဖြစ်တ​ဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော်က ပြောချင်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ နိုင်ပွဲကို ဆာလောင်ပုံတွေ ၊ ပရော်ဖက်ရှင်နယ်ဆန်ပုံတွေကို အတုယူဖို့ ပြောတာပါ ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။