MySport Myanmar

ဆလိုဗက်ကီးယားနဲ့ပွဲမှာ လုခ်ရှောက lineup ထဲ မပါနိုင်သေးဘူးလို့ ဆောက်ဂိတ် ဆို

အင်္ဂလန်အသင်းရဲ့ နည်းပြဖြစ်သူ ဂါရတ် ဆောက်ဂိတ်က ဆလိုဗက်ကီးယားအသင်းနဲ့ ရင်ဆိုင်ရမယ့် ယူရို-၂၀၂၄ ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်မှာ သူတို့အသင်းရဲ့ ဘယ်နောက်ခံကစားသမား လုခ်ရှောက ပွဲထွက်ကစားသမားအဖြစ် ပါဝင်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

ဒိန်းမတ် ဆာဘီးယား ဆလိုဗေးနီးယားတို့နဲ့အတူ တစ်အုပ်စုတည်း ကျရောက်နေရင်း နိုင်ပွဲ (၁)ပွဲ သရေပွဲ (၂)ပွဲသာ ရရှိခဲ့ရင်း အုပ်စုဗိုလ်နေရာနဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့တဲ့ အင်္ဂလန်အသင်းဟာ အုပ်စု (E) ရဲ့ အကောင်းဆုံး တတိယအသင်းနေရာနဲ့ ရှုံးထွက်ကို ရောက်လာခဲ့တဲ့ ဆလိုဗက်ကီးယားနဲ့ တွေ့ဆုံနေပါတယ်။

Photo Credit : ESPN

အင်္ဂလန်ဟာ အုပ်စုတွင်း ပွဲစဉ်တွေမှာ အများထင်ထားသလို မျှော်လင့်ထားသလို ခြေစွမ်းမျိုးတွေ ပြသနိုင်ခြင်းမရှိပဲ ပွဲစဉ်တိုင်းမှာပါ ရုန်းကန်နေခဲ့ရပါတယ်။ အင်္ဂလန်မှာက ဟယ်ရီကိန်း ဘယ်လင်ဟမ် ဖိုဒန် ဒက်ကလန်ရိုက်စ်တို့လို ပြီးခဲ့တဲ့ရာသီက တောက်ပနိုင်ခဲ့တဲ့ ကစားသမားတွေတောင် အင်္ဂလန်အတွက် ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး ဘယ်ခြမ်းခံစစ်အတွက် အားကိုးတကြီး ရွေးချယ်ခဲ့တဲ့ လုခ်ရှောဟာလည်း အခုထိ မကစားနိုင်သေးပဲ ဖြစ်နေရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှောဟာ တံကောက်ကြော ဒဏ်ရာပြသာနာကြောင့် ဖေဖော်ဝါရီ လကုန်ပိုင်းလောက်ကနေ ကာလအတန်ကြာ အနားယူနေရပေမယ့် အင်္ဂလန်ရဲ့ ယူရိုပြိုင်ပွဲ ကစားသမားစာရင်းမှာ ရွေးချယ်ခံခဲ့ရသလို မကြာသေးခင်ကပဲ အင်္ဂလန်အသင်းဖော်များနဲ့အတူ ပြန်လည် လေ့ကျင့်ခန်းပါ ဆင်းနိုင်နေပြီ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဒီလို အခြေအနေတွေကြောင့် လုခ်ရှောအနေနဲ့ ဆလိုဗက်ကီးယားနဲ့ ရှုံးထွက်ပွဲစဉ်မှာ ပါဝင်လာနိုင်တယ်လို့ ယူဆခဲ့ကြပေမယ့်လည်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ လုခ်ရှောက ဒီပွဲမှာ မိနစ်အနည်းငယ်လောက်သာ ကစားနိုင်လိမ့်မယ်လို့ ပြောဆိုလာခဲ့ပါတယ်။ “လုခ်ရှောက ဒီပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် စတင် ကစားနိုင်ဦးမှာ မဟုတ်ပေမယ့်”

“ကျွန်တော်တို့ ဆေးအဖွဲ့နဲ့ စကားပြောဆိုပြီးတဲ့နောက် သူ ပါဝင်ကစားနိုင်မလား ဒါမှမဟုတ် နည်းနည်း ပိုပြီး လေ့ကျင့်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဆောက်ဂိတ် ပြောပုံအရဆိုရင် လုခ်ရှောဟာ ဒီနေ့ည ဆလိုဗက်ကီးယားနဲ့ပွဲရဲ့ ဒုတိယပိုင်း ပွဲကစားချိန် အနည်းငယ်လေးခန့်သာ ပါဝင်ကစားရဖွယ် ရှိနိုင်ပါတယ်။

Exit mobile version