အင်္ဂလန် လက်ရွေးစင် အသင်းနည်းပြ ဂါရတ် ဆောက်ဂိတ်က မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေကို စိတ်မဝင်စားပဲ အင်္ဂလန်အသင်းကို ယူရိုချန်ပီယံဖလား ရယူပေးနိုင်ဖို့ကိုသာ အာရုံစိုက်ထားတယ်လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင်အသစ် ဆာဂျင်ရက်ကလစ်ဖ်က လက်ရှိနည်းပြ အဲရစ် တန်ဟက်ဂ်နေရာမှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်နဲ့ အစားထိုးသွားချင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့သလို ယူနိုက်တက် ကစားသမားဟောင်းတွေပါ ဆောက်ဂိတ်က ယူနိုက်တက်နည်းပြ ဖြစ်လာနိုင်တယ်လို့ သုံးသပ်လာကြပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက် ပရိသတ် အများစုကတော့ ဆောက်ဂိတ် အသင်းနည်းပြသစ် ဖြစ်လာမှာကို မလိုလားကြသလို ဆောက်ဂိတ်ထက် တန်ဟက်ဂ်ကိုပဲ နောက်တစ်ရာသီ ထပ်မံ ကိုင်တွယ်စေချင်နေသလို ဒါမှမဟုတ် တခြားသော နည်းပြတွေကိုပဲ ပစ်မှတ်ထားတာမျိုး ဖြစ်စေချင်နေပါတယ်။

လက်ရှိမှာလည်း ယူနိုက်တက် အသင်းပိုင်ရှင်တွေဘက်က တန်ဟက်ဂ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာဆုံးဖြတ်ချက်မှ ချမှတ်ရသေးခြင်း မရှိသလို တန်ဟက်ဂ်အနေနဲ့ကလည်း အခု ဘောလုံးရာသီအထိ အသင်းမှာ သေချာပေါက် ဆက်လက် ရှိသွားရပါတော့မယ်။

Photo Credit : Sky Sports

ဒီအချိန်မှာ ယူရိုပြိုင်ပွဲ ကျင်းပခါနီးမှ သူရဲ့အနာဂတ်နဲ့ ပတ်သက်လို့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေရတဲ့အပေါ် ဆောက်ဂိတ်က “မန်ယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်နေတာကိုလား။ သူတို့အသင်းမှာလည်း နည်းပြတစ်ယောက် ရှိနေပါတယ်။ အဲ့ဒါကိုမှ အဲ့ဒီလို အသင်းမျိုးနဲ့ ပတ်သက်ပြီး ပြောဆိုနေရတာက လုံးဝ လေးစားမှု ကင်းမဲ့နေသလိုပါပဲ။”

“ကျွန်တော်က အင်္ဂလန်အသင်းနည်းပြပါ။ ကျွန်တော့်မှာ ဒီအသင်းကို ယူရိုပြိုင်ပွဲရဲ့ ဖိုင်နယ်ဆီ ပို့ဆောင်ပြီး ယူရို ချန်ပီယံ ဖြစ်လာအောင် ကြိုးစားပေးသွားရမယ့် အလုပ်တစ်ခုသာ ရှိနေပါတယ်။ ဒါကြောင့် မန်ယူနိုက်တက်အသင်းနဲ့ အကြောင်းကို ကျွန်တော် ဘာမှပြောစရာ မရှိပါဘူး။” လို့ တုန့်ပြန်သွားခဲ့ပါတယ်။