MySport Myanmar

ပုံမှန်ကစားခွင့် ရဖို့ ယူနိုက်တက်ကို စွန့်ခွာရန် မက်ဂွိုင်းယားအား ဆောက်ဂိတ် တိုက်တွန်း

အင်္ဂလန်အသင်းရဲ့ နည်းပြချုပ် ဂါရတ် ဆောက်ဂိတ်က ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ အင်္ဂလန် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားဟာ အနာဂတ်မှာ အင်္ဂလန်အတွက် ဆက်လက် ကစားချင်ရင် မန်ချက်စတာ ယူနိုက်တက်ကာ ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်းဆီ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက အင်္ဂလန်ရဲ့ အဓိက ဗဟိုခံစစ်မှူး အဖြစ် တောက်လျှောက် ကစားခွင့် ရနေသူ ဖြစ်ပြီး မက်ဂွိုင်းယားက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ၊ ၂၀၂၀ ယူရိုပြိုင်ပွဲတွေမှာ ဂျွန်စတုန်းနဲ့ တွဲဖက်ကာ အင်္ဂလန်ရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

ဟယ်ရီ မက်ဂွိုင်းယားက အင်္ဂလန်မှာ တောက်လျှောက် ပါဝင် ကစားခွင့် ရနေပေမယ့် ကလပ်အသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်မှာတော့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ကုန်ခါနီးမှ စတင်ကာ ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်နေရပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း မက်ဂွိုင်းယားက ဗာရန်း ၊ မာတီနက်ဇ် ၊ လင်ဒီလော့ဖ်တို့ရဲ့နောက် စတုတ္ထ ဦးစားပေး ဗဟိုခံစစ်မှူး အဖြစ်သာ ကစားခွင့် ရခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ကစားခွင့် မရတဲ့ ဟယ်ရီ မက်ဂွိုင်းယားကို အင်္ဂလန်အသင်းမှာ တောက်လျှောက် ရွေးချယ်ခဲ့တဲ့ အတွက် ဆောက်ဂိတ်ကို ​​ဝေဖန်သူတွေ များစွာ ရှိနေခဲ့ပြီး ဝေဖန်သံတွေကြောင့်ပဲ ဆောက်ဂိတ်က မက်ဂွိုင်းယားကို လာမယ့်ရာသီမှာသာ ပုံမှန် ကစားခွင့် မရခဲ့ရင် အင်္ဂလန်မှာ အရွေးချယ်ခံရဖို့ မလွယ်ကူကြောင်း ပြောကြားရင်း အသင်းသစ် တသင်းဆီ ပြောင်းဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

Photo Credit: 442 Sports

ဆောက်ဂိတ်က – “မန်ချက်စတာ ယူနိုက်တက်က ထိပ်တန်း ခံစစ်မှူးတွေ ဖြစ်တဲ့ ဗာရန်းနဲ့ မာတီနက်ဇ်တို့ကို ပိုင်ဆိုင်ထားပါတယ်။ ပြီးတော့ သူတို့က နှစ်စဉ်နှစ်တိုင်း အကောင်းဆုံး ဆိုတဲ့ ကစားသမားတွေကို ခေါ်ယူနေခဲ့တာပါ။ ခင်ဗျားသာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူ ဆိုရင် ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ်နဲ့ ဖလားပြိုင်ပွဲတွေ ကစားရဖို့ ရှိနေတာကြောင့် အရည်အသွေးမြင့် ခံစစ်မှူးတွေကို အရန်ကစားသမား အဖြစ် ထားချင်မှာပါပဲ။ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်က ဟယ်ရီ မက်ဂွိုင်းယားကို အရန်ကစားသမား အဖြစ် ထားဖို့ စိတ်ကူးရှိနေပါလိမ့်မယ်။ ဒါပေမယ့် ဟယ်ရီ မက်ဂွိုင်းယားကတော့ သူ့ရဲ့ ကစားချိန် အတွက် သေချာ စဉ်းစားသင့်ပါတယ်။ အကောင်းဆုံး ကစားသမားတွေဆိုတာ အမြဲတမ်း ကစားခွင့် ရချင်တဲ့သူတွေပါ။ ကျွန်တော်က ဘယ်ကစားသမားကိုမှ ဘာပဲဖြစ်နေဖြစ်နေ အင်္ဂလန်အတွက် ရွေးပါ့မယ် ဆိုတဲ့ အာမခံချက်မျိုး မပေးဖူးပါဘူး။ ဂျွန်စတုန်းနဲ့ မက်ဂွိုင်းယားတို့ရဲ့ ခံစစ်အတွဲက ကျွန်တော်တို့အတွက် ထိပ်တန်း ခံစစ်အတွဲပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ ငယ်ရွယ်ပြီး အရည်အသွေးမြင့်တဲ့ ဗဟိုခံစစ်မှူးတွေ အများကြီး ရှိပါတယ်” လို့ ပြောကြားရင်း မက်ဂွိုင်းယားကို ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်းဆီ ပြောင်းဖို့ တိုက်တွန်းသွားခဲ့တာပါ။

 

Exit mobile version