အင်္ဂလန်လက်ရွေးစင် အသင်းရဲ့ နည်းပြ ဖြစ်သူ ဂါရက် ဆောက်ဂိတ် ဟာ အင်္ဂလိပ် ချန်ပီယံရှစ်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဒါဘီ ကောင်တီ အသင်းရဲ့ ယာယီနည်းပြချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ မန်ယူအသင်း ကစားသမားဟောင်းဖြစ်သူ ဝိန်း ရွန်းနီ ကို လိုအပ်တဲ့ အကူအညီတွေ ပေးသွားဖို့ အသင့်ပဲလို့ ပြောကြားလိုက်ပါတယ်။ ဒါဘီ အသင်းအနေနဲ့ ဒီရာသီ ရလဒ်ပိုင်းက အတော်လေး ဆိုးဝါးနေခဲ့ပြီးတော့ ၁၆ ပွဲကစားအပြီး ၂ ပွဲသာ အနိုင်ရရှိထားကာ ရမှတ် ၁၁ မှတ်နဲ့ ချန်ပီယံရှစ်အမှတ်ပေးဇယားရဲ့ အဆင့် ၂၃ နေရာမှာ ရောက်ရှိနေခဲ့ပါတယ်။ အဆိုပါ ရလဒ်ဆိုးတွေကြောင့် ပြီးခဲ့တဲ့ လကပဲ အသင်းရဲ့ နည်းပြ ဖြစ်သူ ဖိလစ် ကွတ်ကူး ကို အသင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။

Photo Credit: Mail

နည်းပြ ကွတ်ကူး အသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးတဲ့ နောက်မှာတော့ ဒါဘီ အသင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ရောက်ရှိလာခဲ့တဲ့ ရွန်းနီ ကို ယာယီနည်းပြချုပ် အဖြစ် ဆောင်ရွက်ဖို့ တာဝန် ပေးအပ်ခဲ့ပါတယ်။ ဝိန်း ရွန်းနီ အနေနဲ့ အခုချိန်မှာ ဒါဘီ အသင်းအတွက် နည်းပြ အဖြစ်တာဝန်ယူပေးခဲ့တာ ၃ ပွဲ ရှိပြီဖြစ်ပါတယ်။ အဲ့ဒီ ၃ ပွဲမှာ ၁ ပွဲနိုင်ပြီး ၂ ပွဲ သရေကျခဲ့တာကြောင့် အရင်ကထက်စာရင်တော့ အနည်းငယ် အခြေအနေ ကောင်းလာပြီ လို့တောင် ဆိုရပါမယ်။ ယနေ့ညမှာတော့ ဝိန်းရွန်းနီဟာ သူ့ရဲ့ နည်းပြ ဘဝ ၄ ပွဲမြောက် ပွဲစဉ် အဖြစ် ဘရန်းဖို့ဒ် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး အသင်းအတွက် ဘယ်လိုရလဒ်မျိုး ရရှိအောင် စွမ်းဆောင်ပေးနိုင်မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Photo Credit: Mail

အင်္ဂလန်အသင်းနည်းပြဖြစ်သူ ဆောက်ဂိတ်ကတော့ ရွန်းနီ ကို နိုင်ငံတကာအဆင့်မီ နည်းပြ တစ်ယောက်ဖြစ်လာအောင် ကူညီလိုကြောင်း ပြောကြားလိုက်ပါတယ်။ “ အကယ်၍ သူသာ အကူအညီလိုအပ်ရင် ကျွန်တော်တို့ သူ့ကို ကူညီဖို့ ဒီမှာ ရှိနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ အင်္ဂလိပ်နည်းပြ အငယ် တွေကို ကူညီပေးဖို့ စိတ်အားထက်သန်ကြပါတယ်။ ကျွန်တော် ဒါဘီက လီယန်း ရို့စ်စီးနီးရား ကိုလည်း သိပါတယ်။ သူက အလားအလာကောင်းတဲ့ နည်းပြငယ် တစ်ယောက်ပါ။ အင်္ဂလိပ်နည်းပြတွေအနေနဲ့ အကောင်းဆုံး လုပ်ပြနေတာကိုပဲ ကျွန်တော်တို့မြင်ချင်ပါတယ်။ ဖရန့်လမ်းပတ် နဲ့ စတီဗင်ဂျရတ် တို့နှစ်ယောက် သူတို့ ရရှိတဲ့ နေရာမှာ အကောင်း‌ဆုံး လုပ်ပြနေတာကို မြင်ရတာ အတော်လေး ဝမ်းသာမိပါတယ်။ ငါ ဘယ်နေရာမှာ ထိုင်ပြီး နည်းပြ လုပ်ရမယ် ဆိုတဲ့ ရည်မှန်းချက်မျိုး သူတို့အားလုံး ထားသင့်တယ်။ သူတို့ အားလုံး အဲ့တာကို လုပ်နိုင်မယ်ဆိုတာ ကျွန်တော် သေချာပြောရဲပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။