အင်္ဂလန်နိုင်ငံ လက်ရွေးစင်အသင်း ရဲ့ နည်းပြ ဖြစ်သူ ဆောက်ဂိတ် က လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဖီးလ် ဖိုဒန်ရဲ့ အိုက်စ်လန် နဲ့ ပွဲစဉ်မှာ ပြသခဲ့တဲ့ ခြေစွမ်းကို ချီးကျုးလိုက်ပြီး အင်္ဂလန်အသင်းအတွက် နှစ်ပေါင်းများစွာကြာအောင် အံ့ဩစရာကောင်းတဲ့ ကစားသမားလေး တစ်ဦး‌ဖြစ်နေလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်ချက်စတာ စီးတီး အသင်းရဲ့ လူငယ် ကွင်းလယ် ကစားသမား တစ်ဦးဖြစ်တဲ့ ဖီးလ် ဖိုဒန် ဟာ မနေ့ညက ဝင်ဘလေ ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ သူကိုယ်တိုင် ၂ ဂိုးသွင်းယူခဲ့ပြီး ဒီကလန်ရိုက်စ် ရဲ့ အဖွင့်ဂိုး ကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ထိုပွဲမှာ သွင်းယူပေးနိုင်ခဲ့တဲ့ သွင်းဂိုးတွေကြောင့် ဖိုဒန်ဟာ အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ဝင်ဘလေမှာ ပွဲတစ်ပွဲအတွင်း တစ်ဂိုးထက်ပိုပြီး သွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Photo Credit: Standard

ဖိုဒန် ဟာ စက်တင်ဘာလ တုန်းက အသင်းဖော် ကစားသမား မေဆန် ဂရင်းဝုဒ် နဲ့ အတူ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက် စည်းမျဉ်း‌တွေကို ချိုးဖောက်ကာ ဟိုတယ်ကို အမျိုးသမီးတွေ ဖိတ်ခေါ်ခဲ့တာကြောင့် အိမ်ကို ပြန်စေလွှတ်ခံခဲ့ရပါတယ်။ ဂရင်းဝုဒ် အနေနဲ့ကတော့ အသင်းလူစာရင်းကနေ ပယ်ထုတ်ခံခဲ့ရပေမယ့် ဖိုဒန်ကတော့ ကံကောင်းစွာနဲ့ပဲ ပြန်လည် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဆောက်ဂိတ်ကတော့ အသက် ၂၀ သာ ရှိသေးတဲ့ ဖိုဒန်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး အထင်ကြီးမိကြောင်း ဝန်ခံပြောဆိုလိုက်ပါတယ်။ “ ကျွန်တော် သူနဲ့ သူ့မိသားစု အတွက် အတော်လေး ကျေနပ်မိပါတယ်။ စက်တင်ဘာလ တုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်က လူငယ်ကစားသမားတွေ အတွက်တော့ ခက်ခဲခဲ့မှာ အသေအချာပါပဲ။ ကျွန်တော်တို့ အားလုံး အမှားလုပ်ဖူးကြပါတယ်။ အဲ့ဒီအမှားက သူ့အတွက် ဖြေဖျောက်ဖို့ ရက်အနည်းငယ်ကြာခဲ့တယ်လို့ ထင်တယ်။ သူ့ရဲ့ ကစားနိုင်စွမ်းကို ကျွန်တော်တို့ သိပါတယ်။ သူက နောက်နှစ် အနည်းငယ်လောက်မှာ အင်္ဂလန် အသင်းအတွက် စိတ်လှုပ်ရှားစရာတွေ ယူဆောင်လာပေးမယ့် ကစားသမား အနည်းစုထဲက တစ်ဦးအပါအဝင် ဖြစ်ပါတယ် ” လို့ ချီးကျုးခဲ့ပါတယ်။

Photo Credit: Standard

လူငယ်ကစားသမား ဖိုဒန် ကတော့ သူ့ရဲ့ အပြစ်ကို ခွင့်လွှတ်ပြီး အသင်းမှာ ပြန်လည်ကစားခွင့်ပေးခဲ့တဲ့ နည်းပြ ဆောက်ဂိတ် အပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။ “ အဲ့ဒါက ကျွန်တော့်ဘဝ မှာ အခက်ခဲဆုံး အခိုက်တန့်ပါပဲ။ ဆိုလိုတာက ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ နည်းပြထံကနေ ယုံကြည်မှုကို လိုအပ်နေတဲ့ အခြေအနေမျိုးပါ။ ကျွန်တော့်ကို ယုံကြည်ပေးခဲ့တဲ့ အတွက် နည်းပြ ဆောက်ဂိတ်ကို ကျွန်တော် အတော်လေး လေးစားပါတယ်။ သွင်းဂိုးတွေနဲ့ အတူ သူ့ကျေးဇူးကို ပြန်ဆပ်နိုင်ခဲ့လို့လည်း ပျော်မိပါတယ်။ ကျွန်တော် ကစားနိုင်သလောက် အကောင်းဆုံး ကစားမယ်လို့ စိတ်ပိုင်းဖြတ်ပြီးပါပြီ။ ကျွန်တော် အစပိုင်းမှာတော့ အနည်းငယ် စိတ်လှုပ်ရှားခဲ့ပေမယ့် နောက်တော့ ကျင့်သားရသွားခဲ့ပါပြီ ” လို့ ပြောဆိုလိုက်ပါတယ်။ ဖီးလ်ဖိုဒန် ဟာ အသက် ၂၀ အရွယ်သာရှိသေးပေမယ့် နိုင်ငံ အသင်းမှာကော မန်စီးတီး အသင်းမှာပါ စီနီယာ ကစားသမားတွေနဲ့ တန်းတူ ခြေစွမ်းပြ ကစားနိုင်တဲ့ ဂျူနီယာ ကစားသမား တစ်ဦးဖြစ်တာကြောင့် သူ့ရဲ့ အနာဂါတ်မှာ ပိုမိုထွန်းတောက်လာမယ်လို့ ခန့်မှန်းရပါတယ်။