အင်္ဂလန်အသင်းရဲ့ နည်းပြချုပ် ဂါရတ် ဆောက်ဂိတ်က မန်ချက်စတာ ယူနိုက်တက် ၄-၃ လီဗာပူး ပွဲစဉ်အပြီးမှာပဲ အင်္ဂလန်လက်ရွေးစင် အဖြစ် ရွေးချယ်ခံထားရတဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ကိုဘီ မိုင်နူးရဲ့ ခြေစွမ်းကို သဘောကျနေတာကြောင့် မကြာခင် ကစားရမယ့် ခြေစမ်းပွဲ ၂ပွဲမှာ ကစားခွင့် ပေးသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ပူပူနွေးနွေး အင်္ဂလန်လက်ရွေးစင် ကိုဘီ မိုင်နူးက မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် ကွင်းလယ်လူ တဦး ဖြစ်ပြီး သူက နည်းပြချုပ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် ရနေပါတယ်။

Photo Credit: Standard

ကိုဘီ မိုင်နူးက ကွင်းလယ်ခံစစ်နဲ့ ဗဟိုကွင်းလယ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိပြီး သူက ဘောလုံးကိုင် ကစားရာမှာ ထူးချွန်သလို အဝေးဘော ပေးပို့မှုတွေ ပေးပို့ရာမှာလည်း ကောင်းမွန်ကာ သူက ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ပွဲ ၂၀ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ပါတယ်။

ကနဦးမှာ အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်က ကိုဘီ မိုင်နူးက ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ဘရာဇီးလ်နဲ့ ခြေစမ်းပွဲ ၊ လာမယ့် ၂၇ရက်နေ့မှာ ယှဉ်ပြိုင် ကစားရမယ့် ဘယ်လ်ဂျီယံနဲ့ ခြေစမ်းပွဲတွေ အတွက် လူစာရင်းထဲ မထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကိုဘီ မိုင်နူးက ပြီးခဲ့တဲ့တပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၄-၃ လီဗာပူး ပွဲစဉ်မှာ အကောင်းဆုံး ကစားပြခဲ့တာကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းကာ ကိုဘီ မိုင်နူးကို အင်္ဂလန်လက်ရွေးစင် အဖြစ် ရွေးချယ်ခဲ့ရပါတယ်။

Photo Credit: GB News

လက်ရှိမှာတော့ ကိုဘီ မိုင်နူးက အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်ခန်း ဆင်းနေသလို လေ့ကျင့်ခန်းတွေမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး ဆောက်ဂိတ်က သူဟာ ကိုဘီ မိုင်နူးရဲ့ ခြေစွမ်းကို သဘောကျနေသလို မိုင်နူးကို ကစားခွင့် ပေးသွားမယ်လို့ ပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။

ဆောက်ဂိတ်က – “ကျွန်တော်တို့က ကိုဘီ မိုင်နူး တယောက် လက်ရွေးစင်အသင်းမှာ ခပ်မြန်မြန် အထိုင်ကျခဲ့တဲ့ အတွက် ပျော်ရွှင်နေပါတယ်။ လေ့ကျင့်ရေးကွင်းမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေက အရမ်းကို ကောင်းနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့က သူ့ကို ပွဲကစားခွင့် ပေးဖို့ တွေဝေနေမှာ မဟုတ်ပါဘူး” လို့ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။