အင်္ဂလန်ရဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျေဒန်ဆန်ချိုအနေနဲ့ သူရဲ့ ကလပ်အသင်းသစ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ လက်ရှိအချိန်ထိ ခြေစွမ်းပြသနိုင်ခြင်းမရှိပဲ ခက်ခက်ခဲခဲ ရုန်းကန်နေရခြင်းဟာ ဆန်ချို ယခင်က ဖြတ်သန်းခဲ့တဲ့ ဘွန်ဒစ်လီဂါပြိုင်ပွဲထက် လက်ရှိ သူပါဝင်ကစားနေတဲ့ ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လွန်းတာကြောင့်သာဖြစ်ပြီး ဒီလိုရုန်းကန်နေရခြင်းကိုလည်း သူအနေနဲ့ မအံ့သြမိဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၁)နှစ်အရွှ့ယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမားလေး ဆန်ချိုဟာ ဒီနှစ်ရဲ့ နွေစျေးကွက်အတွင်းကမှ ဒေါ့မွန်ကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၇၃)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိတော့ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ(၈)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့ပေမယ့် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ဘာမှမလုပ်ဆောင်နိုင်သေးသလို အသင်းအတွက်ကိုလည်း ထူးထူးခြားခြား စွမ်းဆောင်ပေးနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ဆန်ချိုကို လာမယ့်ရက်ပိုင်းအတွင်းမှာ နိုင်ငံတကာပွဲစဉ်တွေ ပြန်လည်ကစားရတော့မယ့် အင်္ဂလန်အသင်းအတွက် နည်းပြဆောက်ဂိတ်က ထပ်မံရွေးချယ်ထားခဲ့သလို ယူနိုက်တက်မှာ ဆန်ချို ဘာကြောင့်ရုန်းကန်နေရသလဲဆိုတာကိုပါ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : iNews

ဆန်ချိုနဲ့ပတ်သက်ပြီး နည်းပြဆောက်ဂိတ်က “ဆန်ချို အခုကြုံနေရတာနဲ့ပတ်သက်ပြီးဆိုရင်တော့ ကျွန်တော် မအံ့သြမိပါဘူး။ ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ ကစားဟန်က လုံးဝခြားနားလွန်းတာကို။ ဒေါ့မွန်က ထိပ်တန်း ကလပ်အသင်းဆိုပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ကတော့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကလပ်အသင်းတွေထဲက တစ်ခုလေ။ အသင်းနဲ့ အံ့ဝင်ခွင်ကျနိုင်ဖို့အတွက်ရော ပရီးမီးယားလိဂ်ပြိုင်ပွဲမှာပါ လိုက်လျောညီထွေအောင် ကစားနိုင်ဖို့ လိုအပ်နေပါသေးတယ်။ ဘွန်ဒစ်လီဂါမှာ ကစားခဲ့စဉ်တုန်းကလို သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေလောက်ရအောင် လုပ်ဆောင်နိုင်ဖို့ကတော့ လွယ်မှာမဟုတ်ဘူး။ ဒီလိဂ်(ပရီးမီးယားလိဂ်)မှာက အသင်းကောင်းတွေလည်း အများကြီး ရှိနေတယ်။ ဒါပေမယ့် လူငယ်ကစားသမားတွေအတွက် ခြေစွမ်းပိုင်း တိုးတတ်လာဖို့ ကောင်းမွန်လှတဲ့ လိဂ်တစ်ခုလို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ အသင်းတိုင်းက ထိပ်တန်းအဆင့်မှာ ရှိမနေတာမို့ပါ။ ဒါပေမယ့်လည်း ဒီလိဂ်က ပွဲတိုင်းလိုလို ခက်ခဲကြမ်းတမ်းပြီး ပြိုင်ဆိုင်မှုလည်း ပြင်းထန်တာကိုတော့ ဆန်ချိုကိုယ်တိုင်လည်း သဘောပေါက် နားလည်နေလောက်ပြီလို့ ထင်မိပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။