အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ဆောက်ဂိတ်က နေးရှင်းလိဂ် ပထမတန်း ၊ အုပ်စု(၂)ရဲ့ အုပ်စုနောက်ဆုံးပွဲ အဖြစ် ဂျာမဏီကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမယ့် ပွဲစဉ်အတွက် ကစားသမား စာရင်းကို ထုတ်ပြန် ကြေညာခဲ့ရာမှာ အေစီမီလန်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ လတ်တလောမှာ ခြေစွမ်းကောင်းတွေ ရထားတဲ့ ဗဟိုခံစစ်မှူး တိုမိုရီအား အံ့အားသင့်ဖွယ် ချန်လှပ်သွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုနောက်ခံလူ တိုမိုရီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေစီမီလန်ကို စီးရီးအေ ချန်ပီယံ ဖြစ်လာအောင် အဓိက ကူညီပေးခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း အေစီမီလန်နဲ့ တောက်ပနေတဲ့ ဗဟိုခံစစ်မှူး တဦး ဖြစ်ပြီး သူဟာ အေစီမီလန် အတွက် ပြိုင်ပွဲစုံမှာ ၉ပွဲ အထိ ပါဝင် ကစားပေးထားကာ ဂိုးမပေးရတဲ့ပွဲ ၂ပွဲ ရရှိထားပါတယ်။

Photo Credit: Football 365

တိုမိုရီက လျင်မြန်သလို ဘောလုံးပေးပို့မှု ကောင်းမွန်တဲ့ နောက်ခံလူ တဦး ဖြစ်ပေမယ့် အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်ကတော့ ဂျာမဏီနဲ့ပွဲ အတွက် အပြီးသတ် လူစာရင်းကို ရွေးချယ်ခဲ့ရာမှာ တိုမိုရီအစား မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ ဗဟိုခံစစ်မှူး မက်ဂွိုင်းယားကိုသာ ထပ်မံ ရွေးချယ်သွားခဲ့ပါတယ်။

မက်ဂွိုင်းယားက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ၃ပွဲသာ ပွဲထွက် ကစားခွင့် ရထားပြီး သူ ပွဲထွက်ကစားသမား အဖြစ် ဝင်ကစားတဲ့ ၃ပွဲစလုံးမှာလည်း မန်ချက်စတာ ယူနိုက်တက်ဟာ ရှုံးပွဲတွေနဲ့ ကြုံတွေ့ခဲ့ရသလို အင်္ဂလန်နဲ့ အီတလီတို့ရဲ့ ပွဲမှာလည်း သူက အင်္ဂလန်အတွက် ပွဲထွက် ကစားသမား အဖြစ် ဝင်ရောက် ကစားခဲ့ရာ အင်္ဂလန်ဟာ ရှုံးပွဲနဲ့ ကြုံတွေ့ထားရပါသေးတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ အင်္ဂလန်ပရိသတ်တွေက ခြေစွမ်းကောင်းတွေ ရထားတဲ့ တိုမိုရီကို ချန်လှပ်ပြီး မက်ဂွိုင်းယားကို အဓိက ဗဟိုခံစစ်မှူး အဖြစ် သုံးစွဲဖို့ စီစဉ်နေတဲ့ ဆောက်ဂိတ်ကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြသလို ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကလည်း အီတလီနဲ့ အင်္ဂလန်ပွဲမှာ ဝင်ရောက် ကစားခွင့် မရထားတဲ့ တိုမိုရီကို လူစာရင်းထဲကနေ ချန်လှပ်ခဲ့တာဟာ အတော်လေးကို လေးစားမှု ကင်းမဲ့တဲ့ လုပ်ရပ် ဖြစ်ကြောင်း သုံးသပ်နေကြပါတယ်။

ဆောက်ဂိတ်က ဂျာမဏီနဲ့ပွဲ အတွက် အပြီးသတ် လူစာရင်းကနေ တိုမိုရီအပြင် လီဗာပူး နောက်ခံလူ အာနိုးလ် ၊ ဝက်စ်ဟမ်း တောင်ပံကစားသမား ဘိုဝင် ၊ ဆောက်သမ်တန် ကွင်းလယ်လူ ဝက်စ်ပရော့ဒ်နဲ့ ပွဲပယ်ခံထားရတဲ့ မန်စီးတီး တောင်ပံတိုက်စစ် ကစားသမား ဂရီးလစ်ရှ်တို့ကို ဖယ်ရှားခဲ့တာပဲ ဖြစ်ပါတယ်။