အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ ဆောက်ဂိတ်ကတော့ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ ဗဟိုခံစစ်မှူး မက်ဂွိုင်းယားအား အင်္ဂလန်အသင်း အတွက် ရွေးချယ်ခဲ့မှု အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပေမယ့် မက်ဂွိုင်းယားဟာ သူ့ရဲ့ နံပါတ်တစ် ခံစစ်မှူး ဖြစ်ကြောင်း ပြောရင်း ဝေဖန်မှုတွေကို ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ပွဲထွက် ကစားသမား အဖြစ် ၃ပွဲသာ ပါဝင် ကစားခွင့် ရရှိထားပြီး အဆိုပါ ၃ပွဲစလုံးမှာလည်း မန်ချက်စတာ ယူနိုက်တက်ဟာ ရှုံးပွဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ အီတလီ ၊ ဂျာမဏီတို့နဲ့ ရင်ဆိုင် ကစားရမယ့် နေရှင်းလိဂ်ပွဲတွေ အတွက် ဆောက်ဂိတ်က မက်ဂွိုင်းယားကို ခေါ်ယူခဲ့ချိန်မှာ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပြီး ပုံမှန် ခြေစွမ်းကောင်း ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ကစားသမားကို ခေါ်ယူခဲ့တဲ့ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဆောက်ဂိတ်ဟာ ကစားသမား တဦးကို ရွေးချယ်ရင် ခြေစွမ်းထက် နာမည်ကြီး ၊ မကြီးကို ကြည့်ကာ ရွေးချယ်တာလား ဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိလာခဲ့ပါတယ်။

အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်ကတော့ သူဟာ မက်ဂွိုင်းယားကို နာမည်ကြီးတဲ့ ကစားသမား ဖြစ်လို့ ရွေးချယ်ခဲ့တာ မဟုတ်ပဲ မက်ဂွိုင်းယားဟာ အင်္ဂလန်ရဲ့ အမြင့်ဘော ရှင်းထုတ်မှု အကောင်းဆုံး ခံစစ်မှူး ဖြစ်သလို မက်ဂွိုင်းယားနဲ့ စတုန်းတို့ရဲ့ ခံစစ်ကြောင်းဟာ အင်္ဂလန်အတွက် အကောင်းဆုံး ခံစစ်အတွဲ ဖြစ်တာကြောင့် အခုလို အသင်းဆီ ခေါ်ယူခဲ့တာ ဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။

Photo Credit: The Sun

ဆောက်ဂိတ်က – “ကျွန်တော်ကတော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး အမြဲတမ်း ယုံကြည်မှု ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ နည်းပြအဖွဲ့က မက်ဂွိုင်းယားဟာ အင်္ဂလန်ရဲ့ အရေးပါတဲ့ ကစားသမားတွေထဲက တဦးလို့ ယူဆထားပါတယ်။ တကယ်လို့ ကျွန်တော်တို့ကသာ မက်ဂွိုင်းယားထက် အတွေ့အကြုံ ပိုရှိသလို ခြေစွမ်းလည်း ပိုကောင်းတဲ့ ခံစစ်မှူးမျိုးကို တွေ့ရင် ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ကောင်း ပြင်ဆင်ပါလိမ့်မယ်။ ကျွန်တော်တို့ အသင်းရဲ့ တချို့နေရာတွေမှာ အဲ့ဒီလိုမျိုး ကစားသမားကောင်းတွေ ပြုံနေတာတွေ ရှိပါတယ်။ ဒါပေမယ့် မက်ဂွိုင်းယားက ကျွန်တော်တို့ရဲ့ အမြင့်ဘော ရှင်းထုတ်မှု အကောင်းဆုံး ခံစစ်မှူးပါ။ သူနဲ့ ဂျွန်စတုန်းရဲ့ အတွဲက ဘောလုံးကို အကောင်းဆုံး ထိန်းချုပ် ကစားနိုင်စွမ်းလည်း ရှိကြပါတယ်။ ဒါကြောင့် မက်ဂွိုင်းယားက ကျွန်တော့်ရဲ့ နံပါတ်တစ် ရွေးချယ်မှု အဖြစ် ဆက်ပြီး ရှိနေပါဦးမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။