မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်ကို နည်းပြရာထူးကနေ ထုတ်ပယ်ဖြစ်မယ်ဆိုရင် သူ့နေရာမှာ အစားဝင်လာဖို့အတွက် ချယ်လ်ဆီးနည်းပြဟောင်း ပိုချက်တီနိုထက် အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်ကသာ ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ The Independent ရဲ့ အကြီးတန် ဂျာနယ်လစ် မီဂွယ်လ် ဒီလာနေးက ဖော်ပြထားခဲ့ပါတယ်။

The Guardian ကနေ ယူနိုက်တက်အသင်းဟာ ဒီနေ့မှာပဲ နည်းပြ တန်ဟက်ဂ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထုတ်ပြန် ကြေညာသွားမယ်လို့ ထုတ်ဖော်ထားခဲ့ပေမယ့်လည်း ဒါက ယတိပြတ် ပြောနိုင်တဲ့ အနေအထားမှာ ရှိမနေသေးပဲ နောက်တစ်ပတ်လောက်အထိပါ ကူးသွားနိုင်တဲ့ အခြေအနေမှာ ရှိနေရပါတယ်။

Photo Credit : Goal

ဒီသတင်းမတိုင်ခင်မှာပဲ ယူနိုက်တက်ဘက်က တန်ဟက်ဂ်ကိုသာ နည်းပြရာထူးကနေ ထုတ်ပယ်ဖြစ်ခဲ့မယ်ဆိုရင် ချယ်လ်ဆီးနည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ပစ်မှတ်ထားတယ်လို့ ဖော်ပြထားပေမယ့် Independent ရဲ့ ဒီလာနေးကတော့ ယူနိုက်တက်ဟာ ဆောက်ဂိတ်ကိုသာ ဦးစားပေး အလိုရှိနေလိမ့်မယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS တို့က သူတို့နဲ့ လက်တွဲဖို့အတွက် ပိုချက်တီနိုကိုရော ဆောက်ဂိတ်ကိုပါ သဘောကျနေပေမယ့်လည်း အင်္ဂလန်လူမျိုးတစ်ဦးဖြစ်တဲ့ ဆောက်ဂိတ်နဲ့သာ ပိုမို လက်တွဲသွားချင်နေပြီး ယူရို-၂၀၂၄ပြိုင်ပွဲအပြီးထိ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဖွယ် ရှိပါတယ်။

Photo Credit : Football365

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ မကြာခင်မှာ ယှဉ်ပြိုင်ရတော့မယ့် ယူရို-၂၀၂၄ပြိုင်ပွဲကိုသာ အာရုံစိုက်ထားမှာ သေချာနေပြီး သူကိုယ်တိုင်ကလည်း ယူရ်ိုပြိုင်ပွဲ မပြီးခင်အထိ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ဘာကိုမှ ဆွေးနွေးသွားလိုခြင်း မရှိဘူးလို့ အတိအလင်း ပြောဆိုထားခဲ့ပါတယ်။

ယူနိုက်တက် ပရိသတ်တွေကတော့ ဆောက်ဂိတ်ရော ပိုချက်တီနိုပါ အသင်းနည်းပြသစ် မဖြစ်လာစေချင်ပဲ သူတို့တွေထက်စာရင် လက်ရှိ အသင်းနည်းပြ တန်ဟက်ဂ်ကိုသာ ဆက်ပြီး အချိန်ပေးစေချင်နေပါတယ်။ ဒါပေမယ့် လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင်တော့ တန်ဟက်ဂ်က ယူနိုက်တက်မှာ ဆက်လက် ရှိနေဖို့ မသေချာတော့သလောက်ကို ဖြစ်နေရပြီး ဘယ်နည်းပြက သူ့နေရာ ဝင်ရောက်လာမလဲဆိုတာကိုသာ စောင့်ကြည့်ရပါတော့မယ်။