လတ်တလောမှာ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ဆိုသလို ကြုံတွေ့နေရတာကြောင့် အင်္ဂလန်အသင်းရဲ့ နည်းပြချုပ်ရာထူး လှုပ်လာတဲ့ ဆောက်ဂိတ်ကတော့ အင်္ဂလန်အတွက် အသင့်တော်ဆုံး နည်းပြဟာ သူတဦးထဲသာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ဆောက်ဂိတ်က အင်္ဂလန်ကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ တတိယနဲ့ ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ဒုတိယနေရာတွေ ရရှိအောင် ဦးဆောင် ကြိုးပမ်းပေးထားသူ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ သူ့ရဲ့ အင်္ဂလန်ဟာ ရလဒ်တွေ ဆိုးဝါးနေခဲ့ပြီး နေးရှင်းလိဂ် ပထမတန်းရဲ့ အုပ်စုပွဲ ၅ပွဲ ကစားထားရာမှာ တပွဲမှ အနိုင်မရခဲ့တာကြောင့် နေးရှင်းလိဂ် ဒုတိယတန်းဆီ တန်းဆင်းခဲ့ရပါတယ်။

Photo Credit: Goal

ဒါ့အပြင် အင်္ဂလန်က နောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေမှာ ကစားကွက်ကနေ တဆင့် သွင်းဂိုးတွေ မသွင်းယူနိုင်တာလည်း မိနစ် ၄၀၀ ကျော်လာပြီ ဖြစ်တာကြောင့် အင်္ဂလန်ပရိသတ်တွေက ဆောက်ဂိတ်ရဲ့ လူရွေးချယ်မှုနဲ့ နည်းစနစ်ပိုင်းကို ဝေဖန်မှုတွေ စတင် ပြုလုပ်လာကြပြီး ဆောက်ဂိတ်ကို ထုတ်ပယ်ဖို့ အတွက် တောင်းဆိုထားကြတဲ့ ပရိသတ်တွေတောင် ရှိလာပါတယ်။

ဒါကြောင့်ပဲ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က ဆောက်ဂိတ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားနေကြောင်း ကောလဟာလ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ဆောက်ဂိတ်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ နီးကပ်လာချိန်မှာ နည်းပြချုပ်ရာထူး ကနေ ဖယ်ရှားခံရလိမ့်မယ်လို့ မတွေးထားသလို သူဟာ အင်္ဂလန်အတွက် အသင့်တော်ဆုံး နည်းပြသာ ဖြစ်ကြောင်း ပြောကြားလာပါတယ်။

Photo Credit: Goal

သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆောက်ဂိတ်က – “ကျွန်တော်က အင်္ဂလန်အတွက် အသင့်တော်ဆုံး နည်းပြပါ။ ဒီအတွက် သံသယဝင်စရာ မရှိပါဘူး။ ကျွန်တော်တို့က ကောင်းမွန်တဲ့ ကစားဟန် တခုကို ရထားသလို ထိပ်တန်းအဆင့် ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင် ကစားနေရတာပါ။ ဒါကြောင့် လွဲချော်မှုလေးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီထက် ပိုပြီး ကောင်းမွန်လာမယ် ဆိုတာ အသေအချာပါပဲ။ ပြီးတော့ ကျွန်တော်တို့က ဒီပွဲတွေမှာ လူငယ် ကစားသမား အများအပြားကို အသုံးပြုခဲ့တာကြောင့် သူတို့တွေက ရှုံးပွဲတွေ ကနေ တဆင့် လေ့လာမှုတွေ လုပ်ခဲ့မယ် ဆိုတာ သေချာပါတယ်။ အရင်တုန်းက ကျွန်တော်တို့ဟာ ခြေစမ်းပွဲတွေလောက်ပဲ ကစားခဲ့ကြတာပါ။ အခုတော့ အဆင့်မြင့် ပြိုင်ဘက်တွေနဲ့ တောက်လျှောက် ရင်ဆိုင် ကစားနေရတာကြောင့် ကျွန်တော်တို့ဟာ တချို့အချိန်တွေမှာ ရလဒ်တွေ ဆိုးဝါးနေခဲ့ရတာပါ။ အခုချိန်မှာ ကျွန်တော်တို့က ကိုယ့်ရဲ့ အဆင့်အတန်းကို ကိုယ်တိုင် သိမြင်ခဲ့ရပါပြီ။ ဒီတော့ ကျွန်တော်တို့တွေ ဒီထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ရလာအောင် ကြိုးစားဖို့ လိုနေပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။