မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အသင်းနည်းပြ အပြောင်းအလဲကို လုပ်ဆောင်သွားဖို့ ရှိနေရာ နည်းပြအများအပြားနဲ့ သတင်းထွက်ပေါ်လို့နေပြီး အခုလည်း ယူနိုက်တက်ဟာ အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်ကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်လာခဲ့ပြန်တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းကို ဆာဂျင်ရက်လစ်ဖ်ရဲ့ INEOS က အသင်းရဲ့ အစုရှယ်ယာ (၂၅)% ဝယ်ယူခဲ့ပြီး ပူးတွဲပိုင်ရှင်သစ် ဖြစ်လာပြီးနောက်ပိုင်း သူအလိုချင်ဆုံး နည်းပြတွေထဲမှာ နည်းပြဆောက်ဂိတ်က ထိပ်ဆုံးနေရာကနေ ပါဝင်လာခဲ့ရပါတယ်။

Photo Credit : Sky Sports

အသက် (၅၃)နှစ်အရွယ် အင်္ဂလန် နောက်ခံလူဟောင်း ဆောက်ဂိတ်က ၂၀၀၆ခုနှစ်မှာ မစ်ဒယ်ဘရော့အသင်းရဲ့ နည်းပြအဖြစ် စတင် ဆောက်ရွက်ရင်း ၂၀၁၆မှာတော့ အင်္ဂလန်နည်းပါ ဖြစ်လာခဲ့ရပါတယ်။ အင်္ဂလန်ကို ပွဲပေါင်း (၉၃)ပွဲအထိ ကိုင်တွယ်ထားနိုင်ခဲ့တဲ့ ဆောက်ဂိတ်ဟာ အသင်းကို အောင်မြင်မှုတွေ မရယူပေးထားနိုင်သေးပဲ ယူရို-၂၀၂၀မှာသာ ဖိုင်နယ်အဆင့်ထိ ပို့ဆောင်နိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဆောက်ဂိတ်က ယူရို-၂၀၂၄ပြိုင်ပွဲအတွက် အားစိုက်နေချိန်မှာပဲ ယူနိုက်တက်ကလည်း လက်ရှိနည်းပြ အဲရစ် တန်ဟက်ဂ်နေရာမှာ ဆောက်ဂိတ်နဲ့ အစားထိုးသွားဖို့ ပစ်မှတ်ထားလာခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ တာဝန်ရှိသူများက ဆောက်ဂိတ်ဟာ အသင်းနည်းပြရာထူးအတွက် အသင့်တော်ဆုံး နည်းပြလို့ သတ်မှတ်လို့ထားတယ်လို့ပါ သိရပါတယ်။

Photo Credit : Sky Sports

တကယ်တော့ ယူနိုက်တက်နဲ့ သတင်းထွက်နေတဲ့ နည်းပြထဲမှာ လက်ရှိ ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ် တူဟယ်လ်လည်း ပါဝင်နေပေမယ့် ယူနိုက်တက် အကြီးအကဲတွေကတော့ တူဟယ်လ်ထက် အင်္ဂလန်လူမျိုး နည်းပြဖြစ်တဲ့ ဆောက်ဂိတ်ကိုသာ အဓိက ဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်။

ဒီလို အခြေအနေတွေကြောင့် ယူနိုက်တက်က လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာပဲ ဆောက်ဂိတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ရေး သဘောတူညီမှု ရရှိနိုင်ဖို့ အပြီးသတ် လုပ်ဆောင်ဖွယ် ရှိနေပြီး ယူရို-၂၀၂၄ ပြိုင်ပွဲကြီးအပြီးမှာပဲ တရားဝင် ထုတ်ပြန်ကြေညာမှုကို လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။