ယမန်နေ့ညမှာတော့ ယူရို၂၀၂၀ပြိုင်ပွဲ ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် အစဉ်အလာ ပြိုင်ဘက်တွေ ဖြစ်တဲ့ အင်္ဂလန်အသင်းနဲ့ ဂျာမဏီအသင်းတို့ဟာ အင်္ဂလန်နိုင်ငံ ၊ ဝင်ဘလေကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အိမ်ရှင်ဖြစ်တဲ့ အင်္ဂလန်အသင်းဟာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ဂျာမဏီအသင်းကို အနိုင်ရရှိကာ ကွာတားဖိုင်နယ် အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းနဲ့ ဂျာမဏီအသင်းတို့ တွေ့ဆုံတဲ့ ပွဲစဉ်ဟာ အမြဲတမ်းလိုလို ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိပြီး ယမန်နေ့ည ပွဲစဉ်ကိုလည်း စုစုပေါင်း ပရိသတ် ၄၀၀၀၀ကျော် အထိ တက်ရောက် ကြည့်ရှုခဲ့ကာ နှစ်သင်းစလုံးရဲ့ ကစားပုံကလည်း အတော်လေးကို မြိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit: Mirror

နှစ်သင်းစလုံးဟာ ခြေစွမ်းပိုင်းအရ များစွာ ကွာဟခြင်း မရှိပေမယ့် အထောင်တိုက်စစ်မှူးစစ်စစ် မပါဝင်တဲ့ ဂျာမဏီအသင်းဟာ အင်္ဂလန်အသင်းကို ဖိအားပေး ကစားနိုင်ခဲ့ခြင်း မရှိပဲ ကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာသာ အချိန်ကုန်ခဲ့ရပြီး အင်္ဂလန်အသင်းကတော့ ဘယ်နောက်ခံလူ လုခ်ရှော ၊ တောင်ပံ ကစားသမား စတာလင်းနဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းတို့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေနဲ့ အတူ ဂျာမဏီအသင်းကို ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့တာပါ။

အဆိုပါပွဲစဉ်မှာ အင်္ဂလန်အသင်း အတွက် အနိုင်ဂိုးတွေကို ပွဲကစားချိန် ၇၅မိနစ်မှာ လုခ်ရှောရဲ့ ပေးပို့မှုကနေ စတာလင်း ၊ ပွဲကစားချိန် ၈၆မိနစ်မှာ ဂရီးလစ်ချ်ရဲ့ ပေးပို့မှုကနေ ဟယ်ရီကိန်းတို့က အသီးသီး သွင်းယူခဲ့ပါတယ်။ ဂျာမဏီအသင်းရဲ့ တိုက်စစ်မှူးတွေ ဖြစ်တဲ့ တီမိုဝါနာနဲ့ သောမတ် မူလာတို့ဟာ ဂိုးသမားနဲ့ တဦးချင်း အပိုင် ကန်သွင်းခွင့်တွေ ရခဲ့ပေမယ့် အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့တာက ဂျာမဏီအသင်းကို အရေးနိမ့်စေခဲ့တဲ့ အကြောင်းပြချက် တခုလည်း ဖြစ်ခဲ့ပါတယ်။

Photo Credit: Mirror

ဂျာမဏီအသင်းကို အနိုင်ရခဲ့ပြီးနောက် အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ ဆွီဒင်အသင်းကို အနိုင်ယူလာတဲ့ ယူကရိန်းအသင်းနဲ့ ကစားရမှာ ဖြစ်သလို အကယ်၍ ယူကရိန်းအသင်းကို အနိုင်ယူနိုင်ခဲ့ပါက ဆီမီးဖိုင်နယ်အဆင့်မှာ ချက်အသင်းနဲ့ ဒိန်းမတ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အနိုင်ရလာတဲ့ အသင်းနဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိတာကြောင့် အင်္ဂလန်အသင်း အတွက် ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ဖို့ဟာ ခက်ခဲတဲ့ အနေအထားတော့ မဟုတ်ပါဘူး။

အင်္ဂလန်အသင်းရဲ့ နည်းပြဖြစ်သူ ဆောက်ဂိတ်ကတော့ အစဉ်အလာပြိုင်ဘက် ဂျာမဏီအသင်းကို အနိုင်ရခဲ့တဲ့ အတွက် အတော်လေးကို ပျော်ရွှင်နေပြီး ဂျာမဏီအသင်းကို အနိုင်ရခဲ့တဲ့ပွဲဟာ ကြီးကျယ်တဲ့ နိုင်ပွဲ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။ ဆောက်ဂိတ်က – “ဒီနေ့လယ်ခင်းကတော့ အတော်လေးကို ကောင်းသွားပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့က တနိုင်ငံလုံးကို ပျော်ရွှင်အောင် လုပ်နိုင်တဲ့အကြောင်း ပြောခဲ့ကြပြီး အခုတော့ အားလုံး ပျော်ရွှင်နေကြပါပြီ။ ကစားသမားတွေ ၊ အသင်းရဲ့ ကစားပုံ ၊ ပရိသတ်တွေရဲ့ အားပေးမှု အားလုံးက ကြီးကျယ် ခမ်းနားလွန်းပါတယ်။ ဒီနေရာမှာ ပရိသတ် ၄၀၀၀၀သာ ရှိပေမယ့် ဝင်ဘလေကွင်းရဲ့ အသက်ဝင်မှု ကတော့ အရင်လိုပဲလို့ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားတာပါ။