အင်္ဂလန်လက်ရွေးစင် နည်းပြ ဂါရတ်ဆောက်ဂိတ်က ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲရမယ့် ကစားသမား(၂၆)ဦးစာရင်းကို ရွေးချယ် ထုတ်ပြန်လာခဲ့ရာ အေစီမီလန်မှာ အတော်လေးကို ခြေစွမ်းပြနေတဲ့ ခံစစ်ကစားသမား ဖီကေးအိုတိုမော်ရီ မပါဝင်လာခဲ့ပဲ အပြီးသတ် (၂၆)ယောက်စာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့အပေါ် ပရိသတ်များစွာက မေးခွန်းထုတ်လာခဲ့ပါတယ်။

Fikayo Tomori sent off against former club Chelsea in Champions League clash

Photo Credit : SPORTbible

ကမ္ဘာ့ဖလားအတွက် ကစားသမား အယောက်(၂၀)စာရင်းကို ကနဦး ထုတ်ပြန်ခဲ့ပြီးနောက် နောက်ထပ် ထပ်တိုး(၆)ယောက်ကို ထပ်မံ ကြေညာလာခဲ့ရာ ပါဝင်လာတဲ့ ကစားသမားတချို့ ပါဝင်လာခြင်းမရှိပဲ ကယ်လ်ဗင်ဖီးလစ်နဲ့ ဂယ်လာဂါတို့လို ကစားသမားတွေ ထည့်သွင်းလာခြင်းကိုတော့ ပရိသတ်များစွာက သဘောမကျ ဖြစ်နေခဲ့ပါတယ်။ နည်းပြဆောက်ဂိတ်အတွက် ပြောစရာ ဖြစ်သွားတာကတော့ မီလန်မှာ ပွဲထွက်ကစားသမားအဖြစ်နဲ့ ပွဲစဉ်တိုင်းနီးပါး ကစားနေရတဲ့ ခံစစ်မှူးတိုမော်ရီကို အင်္ဂလန်ရဲ့ အပြီးသတ် ကစားသမားစာရင်းထဲကနေ ချန်လှပ်ခံမှုက ဝေဖန်ချင်စရာ ဖြစ်ခဲ့ရပြီး သူ့ဆုံးဖြတ်ချက်နဲ့ ပတ်သတ်လို့ ဆောက်ဂိတ်က ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။

Image

Photo Credit : Twitter

“ဗဟိုခံစစ်နေရာမှာ ကစားနေတဲ့ လူငယ်ကစားသမားတွေက စီနီယာကစားသမားတွေကို ကစားသမားစာရင်းကနေ တွန်းထုတ်ဖို့အတွက် လုံလောက်မှု ရှိနေတယ်လို့ ကျွန်တော်တို့ မထင်မိပါဘူး။ ဟယ်ရီမက်ဂွိုင်းယားက ကျွန်တော်တို့ရဲ့ အကောင်းဆုံး ဗဟိုခံစစ်ကစားသမားတွေထဲကမှ တစ်ယောက်ဆိုတာတော့ ကျွန်တော် အသေအချာ ပြောနိုင်ပါတယ်” လို့ ရှင်းလင်းသွားခဲ့ပါတယ်။ လက်ရှိ ဆောက်ဂိတ်ရဲ့ ရွေးချယ်မှုအရ ဗဟိုခံစစ်နေရာမှာ မက်ဂွိုင်းယား စတုန်းစ် ဒိုင်ယာ ကိုဒီ ဘန်ဝှိုက်တို့ ရှိနေပြီး ဘန်ဝှိုက်နဲ့ ဝေါ်ကာတို့ကတော့ နောက်ခံအစွန်လူနေရာရော ဗဟိုခံစစ်နေရာမှာပါ လိုအပ်သလို လိုက်ပါကစားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ဗဟိုခံစစ်နေရာ ရွေးချယ်မှုအပြင် ကွင်းလယ်ပိုင်းမှာလည်း ချယ်လ်ဆီးမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဂယ်လာဂါနဲ့ အခုမှ ဒဏ်ရာပြန်ကောင်းခါစ ဖီးလစ်တို့ထက် ဆောက်သမ်တန် ကွင်းလယ်လူ ဂျိမ်းစ်ဝက်စ်ပရောက်ကိုသာ ရွေးချယ်စေချင်နေပြီး တိုက်စစ်မှာလည်း တိုနေး ဒါမှမဟုတ် အေဘရာဟမ် ပါဝင်သင့်တယ်လို့ ပရိသတ်တွေက ထောက်ပြနေကြပါတယ်။ အင်္ဂလန်ဟာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝေးလ်စ် အမေရိကန် အီရန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်လို့နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် အီရန်နဲ့ စတင် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။