အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဆောက်ဂိတ်ကတော့ ယူရို၂၀၂၀ပြိုင်ပွဲ ဗိုလ်လုပွဲမှာ အီတလီအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ရတာဟာ သူ့ရဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့်ပါ လို့ ပွဲအပြီးမှာ ဝန်ခံစကား ဆိုသွားခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းဟာ ပွဲကစားချိန် ၂မိနစ်ထဲက ဘယ်နောက်ခံလူ လုခ်ရှောရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုး ရရှိပြီး နောက်ပိုင်းမှာ အီတလီအသင်းရဲ့ ဖိအားပေးမှုတွေကို ဆက်တိုက် ခံခဲ့ရကာ ချေပဂိုးကို ပွဲကစားချိန် ၆၇မိနစ်မှာ ပြန်လည် ခွင့်ပြုပေးခဲ့ရပြီး သရေကျဖို့တောင် ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Mirror

သာမန်ပွဲကစားချိန် မိနစ် ၉၀နဲ့ အချိန်ပို မိနစ် ၃၀တို့မှာ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ အင်္ဂလန်အသင်းဘက်က ရက်ဖို့ဒ် ၊ ဆန်ချိုနဲ့ ဆာကာတို့ လွဲချော်ခဲ့ပြီး အီတလီအသင်းဘက်က ဘယ်လော့တီနဲ့ ဂျော်ဂျင်ဟိုတို့သာ လွဲချော်ခဲ့တာကြောင့် ၃-၂ ဆိုတဲ့ ပင်နယ်တီ ကန်သွင်းမှု ရလဒ်နဲ့ အီတလီအသင်းဟာ အင်္ဂလန်အသင်းကို အနိုင်ရခဲ့တာပါ။

အဆိုပါ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းရဲ့ နည်းပြ ဆောက်ဂိတ် သုံးခဲ့တဲ့ ၅-၃-၂ ကစားကွက်ဟာ အလုပ်မဖြစ်ခဲ့သလို ပင်နယ်တီ ကန်သွင်းဖို့ အတွက် ဆန်ချိုနဲ့ ရက်ဖို့ဒ်တို့ကို ပွဲပြီးဆုံးခါနီးမှ လူစားဝင် ကစားသမားတွေ အဖြစ် အသုံးပြုခဲ့တာတွေ ၊ အသင်းအတွက် အရေးအကြီးဆုံး ပင်နယ်တီကို လူငယ် ကစားသမား ဆာကာအား ကန်သွင်းခိုင်းတာတွေ စတဲ့ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေကို ဆောက်ဂိတ်ဟာ ချမှတ်ခဲ့ပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ အီတလီအသင်းကို အရေးနိမ့်ပြီးနောက် အင်္ဂလန် သတင်းထောက် အတော်များများက ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်တွေ အပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီး ဆောက်ဂိတ်ကလည်း အီတလီအသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ လွဲမှားခဲ့ကြောင်း ဝန်ခံသွားပါတယ်။

အီတလီအသင်းနဲ့ ပွဲစဉ်မှာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့တဲ့ အကြောင်းကို ဆောက်ဂိတ်က – “ဆာကာကို ပင်နယ်တီ ကန်သွင်းခွင့် ပေးခဲ့တာက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပါ။ အဲ့ဒါကြောင့် အဲ့ဒီ ပင်နယ်တီ လွဲချော်မှုက ကျွန်တော်နဲ့ အပြည့်အဝ သက်ဆိုင်ပါတယ်။ ဆာကာ ၊ ရက်ဖို့ဒ် ၊ ဆန်ချိုတို့မှာ အပြစ်မရှိကြပါဘူး။ ကျွန်တော်တို့ အတူတူ အလုပ်လုပ်ခဲ့ကြတယ်။ ပြီးတော့ အတူတူ လေ့ကျင့်ကြတယ်။ ဒါကြောင့်ပဲ ကျွန်တော်က သူတို့ကို ပင်နယ်တီ ကန်သွင်းခိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်တွေဟာ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေပါ” လို့ ဝန်ခံသွားခဲ့တာပဲ ဖြစ်ပါတယ်။