ညာနောက်ခံကစားသမား ဒါလော့ကို စီးရီးအေကလပ် အေစီမီလန်အသင်းဆီ တစ်ရာသီအငှားစာချုပ်နဲ့ အငှားချပြီးနောက်မှာ နောက်ထပ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဘယ်နောက်ခံကစားသမားလေး ဘရန်ဒန်ဝီလီယံစ်ကိုလည်း ပုံမှန်ပွဲထွက်ကစားခွင့်တွေ ရရှိဖို့နဲ့ ပွဲအတွေ့အကြုံတွေ ရရှိစေဖို့အတွက် အငှားချသွားချင်နေပြီး ဝီလီယံစ်ကိုယ်တိုင်ကလည်း ပုံမှန်ကစားခွင့်ပေးနိုင်မယ့် အသင်းတစ်သင်းဆီကို အငှားနဲ့ပြောင်းရွှေ့ချင်နေရာ လက်ရှိမှာတော့ ဒီကစားသမားလေးကို ဆောက်သမ်တန်အသင်းဘက်ကနေ ခေါ်ယူဖို့ နီးစပ်နေတယ်လို့ Sky Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ ယူနိုက်တက်အကယ်ဒမီထွက် လူငယ်နောက်ခံကစားသမားလေး ဝီလီယံစ်ဟာ ဒီရာသီမှာ သူရဲ့စီနီယာကစားသမား လုခ်ရှောရဲ့နောက် အရန်ကစားသမားအဖြစ်နဲ့သာ ကစားရမှာဖြစ်တဲ့အပြင် လက်ရှိမှာလည်း ပေါ်တိုအသင်းရဲ့ ဘရာဇီးဘယ်နောက်ခံကစားသမား အဲလက်စ်တဲလက်စ်ကပါ အသင်းကို ရောက်လာတော့မှာဖြစ်တဲ့အတွက် ဝီလီယံစ်အနေနဲ့ တတိယဦးစားပေးသာ ဖြစ်လာရတော့မှာဖြစ်လို့ အသင်းကနေ အငှားနဲ့ ထွက်ခွာသွားချင်နေတာဖြစ်ပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ ဝီလီယံစ်ကို ဆောက်သမ်တန်အသင်းကနေ တစ်ရာသီအငှားနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်တယ်လို့ Sky Sports ကနေ ဖော်ပြထားပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် ဝီလီယံစ်ကတော့ ဆောက်သမ်တန်အသင်းဘက်က သူ့ကိုပွဲထွက်ကစားခွင့်တွေ များစွာပေးမှသာ ဆောက်သမ်တန်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံသွားမှာဖြစ်ပြီး ပွဲထွက်ခွင့်အတွက် ဆောက်သမ်တန်ဘက်ကနေ အာမမခံနိုင်ဘူးဆိုရင်တော့ ဒီကမ်းလှမ်းချက်ကို သူ့ဘက်က ငြင်းဆန်သွားမယ်လို့ သိရှိရပါတယ်။ မနှစ်က ဘောလုံးရာသီမှာပဲ ယူနိုက်တက်စီနီယာအသင်းကြီးအတွက် စတင်ပါဝင်ကစားပေးခွင့် ရရှိခဲ့တဲ့ ဝီလီယံစ်ဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ(၄၂)ပွဲအထိ ပါဝင်ကစားပေးနိုင်ခဲ့ပြီး ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့တာကြောင့် သူ့ကို အသင်းကနေ ၂၀၂၄ခုနှစ်အထိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုထားခဲ့တာလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ အသင်းရဲ့ဘယ်နောက်ခံကစားသမား လုခ်ရှောကိုယ်တိုင်ကပါ စွမ်းဆောင်ရည်တွေ ကျဆင်းနေပြီဖြစ်လို့ ယူနိုက်တက်အနေနဲ့ ဘယ်ခြမ်းခံစစ်နေရာမှာ အသင်းရဲ့ ကစားသမားသစ်ဖြစ်လာမယ့် တဲလက်စ်ကိုပဲ ဦးစားပေးသုံးစွဲဖွယ် ရှိလာနိုင်တာကြောင့် လုခ်ရှောလည်း အရန်ကစားသမားသာ ဖြစ်လာနိုင်ပါတယ်။ ယူနိုက်တက်ဟာ အပြောင်းအရွှေ့စျေးကွက် နောက်ဆုံးနေ့မှာ ကာဗာနီ တဲလက်စ်နဲ့ ဒမ်ဘီလီတို့ (၃)ဦးလုံကို ခေါ်ယူသွားဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။