ပရီးမီးယားလိဂ် အသင်းတသင်း ဖြစ်တဲ့ ဆောက်သမ်တန်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်း ကနေ သူတို့အသင်းထံ အငှားနဲ့ လာရောက် ကစားကာ ခြေစွမ်းပြနေတဲ့ လူငယ် တိုက်စစ်မှူး ဘရော်ဂျာကို အပြီးသတ် ခေါ်ယူဖို့ တရားဝင် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ဆောက်သမ်တန် နည်းပြ ဟတ်ဆန်တယ်က အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အယ်ဘေးနီးယား လက်ရွေးစင် တိုက်စစ်မှူး ဘရော်ဂျာဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ ချယ်လ်ဆီးအသင်း ကနေ ဆောက်သမ်တန်အသင်းထံ တရာသီ အငှားနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ အံဝင်နေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ဘရော်ဂျာဟာ ယခုနှစ် ဘောလုံးရာသီမှာ ဆောက်သမ်တန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ပွဲ၂၀ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဘရော်ဂျာက ဂိုးသွင်းအား ကောင်းမွန်တဲ့ တိုက်စစ်မှူး တဦး မဟုတ်ပေမယ့် အပိုင် အခွင့်အရေးတွေကို အသုံးချနိုင်စွမ်း မြင့်မားသလို လုပ်အားနှုန်းလည်း ကောင်းမွန်တာကြောင့် ဆောက်သမ်တန် အသင်းရဲ့ နည်းပြဖြစ်သူ ဟတ်ဆန်တယ်က ဘရော်ဂျာကို ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုထားပြီး ချယ်လ်ဆီးကလည်း သင့်တော်တဲ့ ကမ်းလှမ်းမှု တခု ရလာရင် ဘရော်ဂျာကို ရောင်းထုတ်ဖို့ စဉ်းစားထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Mins သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆောက်သမ်တန်နဲ့ ချယ်လ်ဆီးတို့ ကြားမှာ ဘရော်ဂျာရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး ချယ်လ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်းကျော် ရရှိရင် ဘရော်ဂျာကို ရောင်းထုတ်ဖွယ် ရှိကြောင်း သိရပါတယ်။

Photo Credit: Metro

ဆောက်သမ်တန်နည်းပြ ဟတ်ဆန်တယ်ကလည်း သူတို့အသင်းဟာ ဘရော်ဂျာကို အပြီးသတ် ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်နေကြောင်း ယခုလိုပဲ အတည်ပြု ပြောကြားခဲ့ပါတယ်။ ဟတ်ဆန်တယ်က – “ကျွန်တော်တို့က အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဘရော်ဂျာ ၊ သူ့ရဲ့ အေးဂျင့် ၊ ချယ်လ်ဆီးအသင်းတို့နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရှိပါတယ်။ ကျွန်တော်တို့က ချယ်လ်ဆီးအသင်း ဘာလိုချင်သလဲ ဆိုတာကို နားထောင်သွားပါမယ်။ ကျွန်တော်ကတော့ လူငယ် ကစားသမား တဦးဟာ ပွဲထွက်ခွင့်တွေ ရဖို့ အရေးကြီးတယ် လို့ ခံယူထားပါတယ်။ ဘရော်ဂျာကလည်း ဒီနေရာကို နှစ်သက်ပါတယ်။ ပြီးတော့ ဒီအသင်းမှာ သူ ပျော်နေတယ်။ ကျွန်တော်တို့က ငယ်ရွယ်ပြီး တိုးတက်မှုတွေ ရှိလာနိုင်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတာပါ။ အဆုံးသတ်မှာ ကစားသမား အတွက်ရော နှစ်ဖက်အသင်း အတွက်ပါ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် တခု ချနိုင်ပါလိမ့်မယ်” လို့ ပြောကြားထားတာပါ။