မနက်ဖြန်ည စိန့်မေရီကွင်းမှာ ဆောက်သမ်တန်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ရင်ဆိုင်ဆုံတွေ့ရတော့မှာဖြစ်ပြီး ဒီတစ်ကြိမ် ဆုံတွေ့မှုမှာတော့ ယူနိုက်တက်အသင်းအနေနဲ့ အိမ်ရှင်ဆောက်သမ်တန်ကို အတော်လေး ခက်ခက်ခဲခဲ ရင်ဆိုင်ကစားရဖွယ် ရှိလို့နေပါတယ်။ ဒီပွဲမတိုင်ခင်မှာ ဆောက်သမ်တန်အသင်းကို ဒီရာသီမှာ ကောင်းမွန်တဲ့ ရပ်တည်မှုတစ်ခုအထိ ပို့ဆောင်ထားနိုင်ခဲ့တဲ့ နည်းပြဟာဆန်ဟူတယ်က သူ့ကို ယူနိုက်တက်ရဲ့နည်းပြရာထူးအတွက် သင့်တော်လှတဲ့ သူတစ်ယောက်လို့ သတ်မှတ်နေကြတဲ့အပေါ် သူကတော့ လုံးဝကို စိတ်ဝင်စားမှု မရှိဘူးလို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

Photo Credit : Metro

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိနည်းပြဆိုးလ်ရှားလက်ထက်မှာ အတတ်အကျတွေများစွာ ဖြစ်ပေါ်ခဲ့ရပြီး ဆိုးလ်ရှားရဲ့နေရာမှာပါ နောက်ထပ်နည်းပြတစ်ယောက်ကို အစားထိုးဖို့အထိ မကြာခဏ စဉ်းစားခဲ့ရသလို ဆိုးလ်ရှားရဲ့နေရာမှာ အစားထိုးဖို့အတွက် နည်းပြများစွာကို ပစ်မှတ်ထားခဲ့ရာမှာလည်း ဆောက်သမ်တန်နည်းပြ ဟာဆန်ဟူတယ်ပါ ပါဝင်လာခဲ့ပါသေးတယ်။ သြစတြီးယားနိုင်ငံသား ဟာဆန်ဟူတယ်ဟာ ဆောက်သမ်တန်ကို စတင်ကိုင်တွယ်ခဲ့ချိန်တုန်းက အသင်းဟာ တန်းဆင်းဇုန်အတွင်းမှာ ရုန်းကန်နေရတဲ့ အခြေအနေဖြစ်ပြီး ဒီအခြေအနေကနေ အချိန်မီဆွဲတင်ပေးနိုင်သလို ပြီးခဲ့တဲ့ရာသီမှာလည်း အသင်းကို အဆင့်(၁၁)နေရာနဲ့ ရာသီသိမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီလို အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဟာဆန်ဟူတယ်ဟာ ကလပ်အသင်းကြီးတွေများစွာနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဒီအသင်းတွေထဲမှာ ယူနိုက်တက်လည်း ပါဝင်ခဲ့ပါသေးတယ်။ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဟာဆန်ဟူတယ်က “ဒီလိုကိစ္စတွေက ကျွန်တော် တကယ်နားထောင်လေ့ရှိတဲ့ အရာမျိုးတွေ မဟုတ်ပါဘူး။ သူတို့တွေ ရေဒီယိုမှာ ဘောလုံးအကြောင်းတွေ ပြောဆိုနေကြပြီဆိုရင် ကျွန်တော်လည်း ရှာဖွေပြီး နားဆင်ကြည့်ပါတယ်။ သူတို့ပြောတာတွေက စိတ်ဝင်စားစရာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ့်အသင်းမှာ ဖြစ်ပျက်နေတဲ့ အရာတွေကိုပဲ စိတ်ဝင်စားပါတယ်။ ကျွန်တော်က အသင်းနဲ့လည်း နှစ်ရှည်စာချုပ်ချုပ်ဆိုထားတဲ့သူပါ။ အသင်းကလည်း ဒီနောက်ပိုင်းမှာ ပိုပြီးတိုးတတ်မှုတွေ ရှိလာတယ်လို့လည်း ထင်မိပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ ဟာဆန်ဟူတယ်ရဲ့ ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၇)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် အကောင်းဆုံးစွမ်းဆောင်ထားနိုင်ခဲ့သလို ယူနိုက်တက်ကို စိန့်မေရီကွင်းမှာ ဧည့်ခံကစားခဲ့ရတဲ့ ပွဲစဉ်တွေမှာလည်း အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့ကာ နောက်ဆုံး(၂)ပွဲဆက်တိုက် သရေကျထားခဲ့ပါတယ်။