ဒီနေ့ညရဲ့ (၁၁)နာရီခွဲအချိန်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ရဲ့ အစောဆုံးပွဲစဉ်ဖြစ်တဲ့ အမှတ်ပေးဇယားအောက်ဆုံးက နောဝစ်ချ်စီးတီးအသင်းနဲ့ ဇယားအလယ်မှာ ရပ်တည်လို့နေတဲ့ ဆောက်သမ်တန်အသင်းတို့ ပွဲစဉ်အတွင်းမှာ ဒုတိယပိုင်းအတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲ့ နောဝစ်ချ်အသင်းကို ဆောက်သမ်တန်အသင်းက (၃)ဂိုး ဂိုးမရှိနဲ့ကို အပြတ်အသတ်အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်နောဝစ်ချ်ဘက်မှာကတော့ ပွတ်ကီ မက္ကလင်း ကန့်ဝဲလ် အာရွန်မက်ဇ် ဂေါ့လ်ဖရီ တင်ကရူးတို့လို အဓိက ကစားသမားအစုံအလင် ပါဝင်လာခဲ့ပြီး ဧည့်သည်ဆောက်သမ်တန်ဘက်မှာလည်း ဒန်နီအင့်စ် အိုဘာဖီမီ ရက်ဒ်မွန် ဝက်စ်ပရောက်စ် အော့ဘတ်ချ် ဘာထရန် ဘက်ခ်နာရက်ခ်တို့လို အမာခံကစားသမားတွေ ပါဝင်လာပါတယ်။ ပထမပိုင်းအစလောက်မှာ အိမ်ရှင်အသင်းရဲ့ ကစားပုံကောင်းမွန်ခဲ့ပြီး ဆောက်သမ်တန်ဘက်ကို ဖိအားပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမိနစ်တွေမှာတော့ ကစားပုံကျလာပြီး အမှားများလာခဲ့လို့ ဆောက်သမ်တန်တို့ အခွင့်အရေးတွေ ပြန်ရခဲ့ကာ အဖွင့်ဂိုးရဖို့တောင် နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာ ဘယ်အသင်းကမှ သွင်းဂိုးမရခဲ့လို့ ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းပြန်လည်စတင်ပြီး မိနစ်အနည်းငယ်လေးမှာပဲ ဆောက်သမ်တန်တို့ အဖွင့်ဂိုးကို စတင်ပိုင်ဆိုင်ခဲ့ကာ ဒီဂိုးကိုတော့ အသင်းရဲ့ဂိုးသွင်းစက်ဖြစ်တဲ့ ဒန်နီအင့်စ်က အားပါပြင်းထန်လှတဲ့ ကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။ အဖွင့်ဂိုးရပြီး သိပ်မကြာခင်မှာပဲ ကွင်းလယ်ကစားသမား အမ်စထရောင်းကလည်း ဆောက်သမ်တန်အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို ထပ်မံရယူပေးခဲ့ပါတယ်။ ဒါ့အပြင် (၇၉)မိနစ်မှာလည်း ရက်ဒ်မွန်က ဆောက်သမ်တန်အတွက် တတိယဂိုးကို ဆက်လက်သွင်းယူပေးခဲ့ပါတယ်။