ဒီနေ့ Super Sunday ရဲ့ ည(၇)နာရီခွဲအချိန်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၇)က ပွဲစဉ်တစ်ပွဲဖြစ်တဲ့ တန်းဆင်းဇုန်ထဲကနေ အလွတ်ရုန်းထွက်နေတဲ့ ဘုန်းမောက်အသင်းနဲ နောက်ပိုင်းပွဲတွေမှာ ရှုံးပွဲတွေနည်းပါးလာပြီး Form အရမ်းကောင်းမွန်နေတဲ့ ဆောက်သမ်တန်အသင်းတို့ပွဲမှာ ဆောက်သမ်တန်က (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

အိမ်ရှင်ဘုန်းမောက်အသင်းဘက်မှာ ဂျိုရှုအာကင်း ကော်လန်ဝီလ်ဆန် ဘရွတ် လာမာ ဘေးလင်း စတန်နီစလပ်စ် ကယ်လီ ရီကို ကွတ် စတေစီ ရမ်းစဒဲလ်တို့ ပါဝင်လာခဲ့ပါတယ်။ ဆောက်သမ်တန်ကတော့ ဒန်နီအင့်စ် ရက်ဒ်မွန် အမ်းစထရောင်း ရှိန်းလောင်း ဝက်ပရောက်စ် ရိုမီယူ ဘာထရန် ဗက်စတာဂတ် စတီဖန်စ် ဝေါ်ကာပီတာစ်နဲ့ မက္ကာသီတို့ ပါဝင်လာခဲ့ပါတယ်။ ဘုန်းမောက်က တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့အတွက် ဒီပွဲကို မဖြစ်မနေ အနိုင်ယူဖို့ ပြင်ဆင်လာခဲ့ပြီး ပွဲအစကတည်းက တိုက်စစ်က ဖိအားပေးခဲ့ပေမယ့်လည်း ဆောက်သမ်တန်နောက်တန်း ကျစ်လစ်နေမှုကြောင့် ဂိုးပေါက်ခြိမ်းခြောက်မှုတွေက သိပ်အရာမထင်ခဲ့ပဲ ဆောက်သမ်တန်ရဲ့ တန်ပြန်တိုက်စစ်ဆင်မှုတွေကတောင် ပိုမိုကောင်းမွန်လို့နေပါတယ်။ (၄၁)မိနစ်မှာတော့ တိုက်စစ်မှူးဒန်နီအင့်စ်က ဆောက်သမ်တန်အဖွင့်ဂိုးကို စတင်သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းရဲ့ ပွဲကစားချိန်တွေအတွင်းမှာလည်း ပွဲကိုဦးဆောင်ထားတဲ့ ဆောက်သမ်တန်က ပွဲကိုတည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်ခဲ့ပြီး မိနစ်(၆၀)အရောက်လောက်မှာ လူစားဝင်လာတဲ့ ဟယ်ရီဝီလ်ဆန် ဧရိယာထဲ လက်နဲ့ထိမိခဲ့ရာကနေ ဆောက်သမ်တန်တို့ ပင်နယ်တီကန်ခွင့် ပိုင်ဆိုင်ခဲ့ပြီး အင့်စ်ရဲ့ကန်ချက်ကို ရမ်းစဒဲလ်ကာကွယ်နိုင်ခဲ့လို့ အဖြေက စောစောစီးစီး မထွက်ခဲ့ရတာဖြစ်ပါတယ်။ ပွဲချိန်နောက်ပိုင်း မိနစ်တွေမှာတော့ ဘုန်းမောက်က ပြန်လည်ဖိအားပေးလာခဲ့ပြီိး ပွဲကစားနောက်ဆုံးမိနစ်လောက်အထိပါ ချေပဂိုးရနိုင်ဖို့ အတော်လေး နီးစပ်တဲ့အထိ တရစပ်ဖိအားပေးနိုင်ခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာ ဆာရိတ်ချ်က ချေပဂိုးသွင်းယူခဲ့ပေမယ့် VAR နဲ့ စစ်ဆေးရာမှာ လူကျွံနေခဲ့လို့ ဘုန်းမောက်တို့ ကံဆိုးခဲ့ရပါတယ်။ ဒါ့အပြင် နောက်ဆုံးမိနစ်မှာလည်း ဆောက်သမ်တန်တို့ ချီအဒမ်စ်ရဲ့ အဆုံးသတ်ကန်ချက်ကနေပါ ပြတ်သားတဲ့ရလဒ်ကိုပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။