ကိုရိုနာဗိုင်းရပ်စ် Covid-19 ကပ်ရောဂါဆိုးကြီးကြောင့် ကမ္ဘာအရပ်ရပ်က ဘောလုံးပြိုင်ပွဲတွေကို ရပ်နားထားခဲ့ရပြီး ပြန်လည်စတင်နိုင်ဖို့ဆိုတာကလည်း အတိအကျမသိနိုင်သေးတဲ့ အခြေအနေမှာ ရှိနေရပါတယ်။ ဘောလုံးပရိသတ်တွေကလည်း သူတို့အမြဲတမ်းစောင့်ကြည့်အားပေးခဲ့ရတဲ့ ဘောလုံးပွဲတွေနဲ့ ကင်းကွာနေခဲ့တာက (၂)လနီးပါးလောက်အထိကို ရှိလာခဲ့ပြီဖြစ်လို့ အားလုံးက ဘောလုံးပွဲတွေ ပြန်စနိုင်မယ့်နေ့ကို မျှော်လင့်နေကြရပါတယ်။ အခုလက်ရှိမှာတော့ ကေလိဂ်လို့ လူသိများလှတဲ့ တောင်ကိုရီးယားဘောလုံးပွဲကြီးကတော့ ပရိသတ်တွေမပါဝင်ပဲ ပြန်လည်စတင်ယှဉ်ပြိုင်ပြီလို့ သိရှိရပါတယ်။

Photo Credit : The Sun

၂၀၂၀ခုနှစ်ရဲ့ တောင်ကိုရီးယား အမှတ်ပေးဘောလုံးပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ပုံမှန်စတင်နေကြအချိန်မှာ မစတင်နိုင်ခဲ့ပဲ အခုမှသာ ပရိသတ်တွေမပါဝင်ပဲ ကွင်းပိတ်ကျင်းပပမှုနဲ့သာ ပြန်လည်စတင်ခဲ့ရတာဖြစ်ပါတယ်။ ပြန်လည်စတင်ခဲ့တဲ့ ကေလိဂ်ပွဲစဉ်မှာ ယခင်နှစ် ကေလိဂ်ချန်ပီယံအသင်းဖြစ်တဲ့ ဂျောင်ဘွတ်ဟွန်ဒိုင်းမော်တာစ်အသင်းနဲ့ ဆူဝန်ဆမ်ဆောင်းဘလူးဝင်းစ်အသင်းတို့ ယှဉ်ပြိုင်ကစားကြတာဖြစ်ပြီး အိမ်ရှင်ဂျောင်ဘွတ်က တစ်လုံးတည်းသော သွင်းဂိုးနဲ့ နိုင်ပွဲတစ်ခုကို ရယူပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : The Sun

ပြန်လည်စတင်နိုင်ခဲ့တဲ့ ကေလိဂ်ပွဲစဉ်အတွင်းမှာ နှစ်ဖက်အသင်းရဲ့ပရိသတ်တွေမပါဝင်ခဲ့သလို ယှဉ်ပြိုင်ကစားနေရတဲ့ ဘောလုံးသမားတွေကလွဲပြီး နည်းပြအဖွဲ့ဝင်တွေနဲ့ အရန်ကစားသမားတွေကတော့ Mask ကိုယ်စီကို တပ်ဆင်ထားခဲ့ရပါတယ်။ ဒါ့အပြင် ကစားသမားအချင်းချင်း လက်ဆွဲနှုတ်ဆက်ခြင်းမရှိခဲ့သလို ဥမင်လိုဏ်ခေါင်းထဲကနေ ကစားသမားတွေ ကွင်းအတွင်းဝင်ရောက်လာချိန်မှာလည်း အရင်လို နှစ်ဖက်အသင်းသားအချင်းချင်း တစ်ပြိုင်နက်တည်း ကွင်းထဲဝင်ရောက်တာမျိုး မပြုလုပ်တော့ပဲ ဧည့်သည်အသင်းက ကွင်းထဲစတင်ဝင်ရောက်ပြီးမှသာ အိမ်ရှင်က ဆက်လက်ဝင်ရောက်လာတာဖြစ်ပါတယ်။ ပရိသတ်တွေ မပါဝင်ဘူးဆိုပေမယ့် ကွင်းထဲက ကစားသမားတွေအတွက် ဘောလုံးကစားရင်း ပရိသတ်အားပေးမှုကိုပါ ခံစားလို့ရအောင် ကွင်းအတွင်းမှာ လော်စပီကာတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုအသံတွေကို ဖွင့်လှစ်ပေးထားခဲ့ပါတယ်။ ဂျောင်ဘွတ်အသင်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ အသက်(၄၁)နှစ်အရွှယ် ဝါရင့်ကိုရီးယားကစားသမားကြီးက သွင်းယူပေးခဲ့ပါတယ်။