နာမည်ကျော် ဘောလုံးနည်းပြ ဟိုဆေးမော်ရင်ဟိုကတော့ သူရဲ့အသင်းသစ် ဖြစ်လာတော့မယ့် ရိုးမားအသင်းအတွက် ကစားသမားသစ်တစ်ယောက်ကို မကြာခင်မှာပဲ ခေါ်ယူသွားနိုင်တော့မှာဖြစ်ပါတယ်။ ဒီကစားသမားကတော့ လက်ရှိ ယူရို-၂၀၂ဝပြိုင်ပွဲမှာ ပါဝင်ဆင်နွဲလျက်ရှိနေတဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ဦးစားပေးဂိုးသမား ရူအီပက်ထရီစီယိုဖြစ်ပြီး ခေါ်ယူနိုင်ဖို့အတွက် ကစားသမားနဲ့ Personal Agreed ပါ ရယူထားနိုင်ပြီလို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

Photo Credit : Football Insider

ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြ မော်ရင်ဟိုဟာ စပါးအသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီး ရက်ပိုင်းလောက်အကြာမှာပဲ ရိုးမားအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရကာ အီတလီစီးရီးအေ ပြိုင်ပွဲအတွင်း ပြန်လည်ကျင်လည်ဖို့ အကြောင်းဖန်လာခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်အသင်းကို ၂၀၀၈ခုနှစ်ကနေ ၂၀၁ဝခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးပြီး သူရဲ့အင်တာနည်းပြဘဝ ဒုတိယမြောက်ရာသီမှာပဲ အင်တာအတွက် ဖလား(၃)လုံးချန်ပီယံဆုကို ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Football Insider

အီတလီမြေမှာ အံ့မခန်းအောင်မြင်မှုတွေကို ရယူထားနိုင်ခဲ့တဲ့ မော်ရင်ဟိုဟာ ဆယ်စုနှစ်တစ်ခုအကြာမှာပဲ အီတလီကို တကျော့ပြန် ရောက်ရှိလာခဲ့ပြီး ရိုးမားအသင်းကို ကိုင်တွယ်သွားတော့မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ မော်ရင်ဟိုဟာ သူရဲ့အသင်းသစ်ဖြစ်လာမယ့် ရိုးမားအသင်းကို ပြုပြင်ပြောင်းလဲမှုတွေ အင်အားဖြည့်တင်းမှုတွေကို စတင်လုပ်ဆောင်သွားတော့မှာဖြစ်ပြီး ပထမဆုံး ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီဂိုးသမား ပက်ထရီစီယိုကို ခေါ်ယူသွားဖို့ အခြေအနေကောင်းလာခဲ့ပြီပဲ ဖြစ်ပါတယ်။ အသက်(၃၃)နှစ်အရွှယ်ရှိ ဝါရင့်ဂိုးသမားကြီး ပက်ထရစ်စီယိုဟာ ပေါ်တူဂီထိပ်သီးကလပ် စပို့တင်းလစ္စဘွန်းအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ၂၀၁၈ခုနှစ်မှာပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တကျော့ပြန် တန်းတတ်လာခဲ့တဲ့ ဝုလ်ဗ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ပင်တိုင်ဂိုးသမားတစ်ယောက် ဖြစ်လို့နေတဲ့ ပက်ထရစ်စီယိုကို မော်ရင်ဟိုက သူရဲ့ရိုးမားအသင်းဆီ ခေါ်ဆောင်ချင်နေပြီး (၃)နှစ်စာချုပ်နဲ့အတူ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့ရာ ကစားသမားဘက်ကနေ ကမ်းလှမ်းမှုကို လက်ခံသွားခဲ့ပြီး ရိုးမားနဲ့ ဝုလ်ဗ်အသင်းတို့ရဲ့ကြားမှာသာ ပက်ထရီစီယိုရဲ့ ပြောင်းရွှေ့ကြေးကို ဆက်လက်ညှိနှိုင်းရတော့မှာဖြစ်ပါတယ်။