အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Sky Sports သတင်းဌာနမှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ လီဗာပူးအသင်းရဲ့ ကစားသမားဟောင်းနဲ့ နည်းပြဟောင်း ဂျရေမီ ဆောင်းနက်စ်ကတော့ လာမယ့် သီတင်းပတ်မှာ စတင် ယှဉ်ပြိုင်တော့မယ့် ၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ဘယ်အသင်းတွေက ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံး လေးသင်းနေရာကို အရယူသွားနိုင်မလဲ ဆိုတာ သုံးသပ်သွားခဲ့ပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ ယှဉ်ပြိုင်မှု အပြင်းထန်ဆုံး ပြိုင်ပွဲတစ်ခု ဖြစ်ပြီး လီဗာပူး ၊ မန်စီးတီး ၊ မန်ယူ ၊ ချယ်လ်ဆီး ၊ စပါး ၊ အာဆင်နယ် စတဲ့ ထိပ်သီးအသင်း ၆သင်းအထိ ရှိနေတာက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ရေချိန်ကို ပိုမို မြင့်တက်စေကာ ဘယ်အသင်းက ချန်ပီယံ ဖြစ်ပြီး ဘယ်အသင်းတွေက အဆင့်လေး အတွင်း ဝင်မလဲဆိုတာ အတော်လေး ခန့်မှန်းရခက်ပါတယ်။

Photo Credit: Opera News

ဒါ့အပြင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဲဗာတန် ၊ ရှက်ဖီးလ်ယူနိုက်တက် ၊ ဝုဗ် ၊ နယူးကာဆယ် ၊ လက်စတာ စတဲ့ ဖျက်မြင်းအဆင့်မှာ ရှိတဲ့ အသင်းတွေလည်း ရှိသေးတာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဥရောပဝင်ခွင့်တိုက်ပွဲတွေဟာ အမြဲတမ်းလိုလို ပြင်းထန်လေ့ရှိပါတယ်။ လက်ရှိ နွေစျေးကွက် အတွင်းမှာလည်း ချယ်လ်ဆီး ၊ အဲဗာတန် ၊ ဝုဗ် ၊ အာဆင်နယ် ၊ နယူးကာဆယ် စတဲ့ အသင်းတွေဟာ လူအင်အား ဖြည့်တင်းမှုတွေ များစွာ ပြုလုပ်ထားတာကြောင့် လာမယ့် ပရီးမီးယားလိဂ် ဘောလုံးရာသီဟာ ယခင်ကထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းမှာ သေချာနေပါတယ်။ ဆောင်းနက်စ် ကတော့ လာမယ့် ဘောလုံးရာသီမှာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကလိုပဲ လီဗာပူး ၊ မန်စီးတီး ၊ မန်ယူနဲ့ ချယ်လ်ဆီးအသင်းတို့သာ ထိပ်ဆုံးလေးနေရာကို ရယူသွားနိုင်လိမ့်မယ် လို့ သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။

Photo Credit: Opera News

လာမယ့် ရာသီမှာ ဘယ်အသင်းတွေ ထိပ်ဆုံးလေးသင်း စာရင်းထဲကို ဝင်မလဲ ဆိုတဲ့ မေးခွန်း အပေါ် ဆောင်းနက်စ်က ” အခုချိန်မှာတော့ လီဗာပူးအသင်းက ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတုန်းပါပဲ။ ဒါပေမယ့် မန်စီးတီးအသင်းက လီဗာပူးအသင်းကို စိန်ခေါ်နိုင်လိမ့်မယ် လို့ ကျွန်တော် ထင်ပါတယ်။ ဒီတစ်ခါမှာ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့က လီဗာပူးအသင်းကို ပိုမို စိန်ခေါ်နိုင်ဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ မန်ယူအသင်းဟာ ဗန်ဒီဘိခ်နဲ့အတူ ပိုမို တိုးတက်လာမှာပါ။ ဒါပေမယ့် သူတို့ဆီမှာ ဂိုးသမားပြဿနာကို ဖြေရှင်းဖို့ လိုပါသေးတယ်။ ချယ်လ်ဆီးအသင်းကတော့ အရမ်းကောင်းတဲ့ ခေါ်ယူမှုတွေကို လုပ်ထားပါတယ်။ ဒါပေမယ့် တီမိုဝါနာ ၊ ဇီရက်ဇ်နဲ့ ဟားဗက်တို့ ဘယ်လောက်မြန်မြန် အထိုင်ကျသွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ တခြားအသင်းတွေ ကတော့ ချန်ပီယံဆုကို ထပ်ပြီး စိန်ခေါ်နိုင်မယ် လို့ မထင်ပါဘူး။ အာဆင်နယ်အသင်းက လူပြောများနေပေမယ့် သူတို့အသင်းဟာ လူအင်အား မတောင့်တင်းသေးပါဘူး။ တကယ်လို့ ခင်ဗျားက ကျွန်တော့်ကို လာမယ့် ဘောလုံးရာသီ အတွက် ထိပ်ဆုံးလေးသင်း စာရင်းကို မေးရင်တော့ လီဗာပူး ၊ မန်စီးတီး ၊ မန်ယူနဲ့ ချယ်လ်ဆီး တို့ပဲလို့ ပြန်ဖြေရမှာပါ ” ဆိုပြီး ဖြေကြားသွားခဲ့တာပါ။